မန္တလေးတိုင်းအစိုးရ သံဃာဦးဆောင်ကော်မတီနဲ့တွေ့ဆုံ
အေးနိုင်
·
December 12, 2012
လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းသပိတ်မှာ ဒဏ်ရာရသံဃာတွေကို အစိုးရက ၀န်ချတောင်းပန်ဖို့ တောင်းဆိုထားချက်နဲ့ပတ်သက်ပြီး မန္တလေးတိုင်း ဒေသကြီးအစိုးရက ဦးဆောင်သံဃာတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ မအောင်မြင်ဖြစ်ခဲ့တယ်လို့ ကိုယ်တိုင် တွေ့ဆုံခဲ့သူ ဦးဆောင်သံဃာက မိန့်ပါတယ်။
တနလာင်္နေ့က ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဦးဆာင်ကော်မတီက တောင်းဆိုချက် ၃ ရပ်ကို ထုတ်ပြန်တောင်းဆိုထားတာဖြစ်ပါတယ်။ အဲဒါတွေကတော့ နိုင်ငံတော်သမ္မတနဲ့ အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရသံဃာတွေကို အမြန်ဆုံးဝန်ချတောင်းပန်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက်သူတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီတောင်းဆိုချက်ကို ဒီဇင်ဘာ ၁၂ ရက်နေ့ မွန်းတည့်မတိုင်ခင် အစိုးရဘက်က လိုက်လျောဖို့ တောင်းဆိုထားပြီး မလိုက်လျောရင်တော့ နေ့ခင်း ၁ နာရီမှာစပြီး တနိုင်ငံလုံးသံဃာသပိတ် ဆင်နွှဲမယ်လို့ ကြေညာထားပါတယ်။
ဒီတောင်းဆိုချက်နဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၁၁ ရက်နေ့ကတော့ မန္တလေးတိုင်းဒေသကြီးအစိုးရဘက်က သတ္တုတွင်းနဲ့ သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်က ဦးဆောင်သံဃာတချို့ကို တိုင်းသာသနာရေးရုံးကို သီးခြားစီခေါ်ယူတွေ့ဆုံဆွေးနွေးတယ်လို့ ကိုယ်တိုင်ဆွေးနွေးခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာလှုပ်ရှားမှု ဦးဆောင်ကော်မတီက ဦးဆောင်သံဃာ ဦးသောဘိတက မိန့်ပါတယ်။
“ဆွေးနွေးတယ်ဆိုတာက သူတို့က တောင်းပန်တဲ့ကိစ္စကို သူတို့က မဟန (နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး) တွေကို တောင်းပန်ပြီးပြီလို့ ပြောတယ်။ ဦးဇင်းတို့က အစောပိုင်းက ပြောခဲ့သလိုပဲ မဆိုင်တဲ့သူတွေကို တောင်းပန်တာ လက်မခံဘူးလို့။ ဒီအပေါ်မှာ ဘာမှ လိုက်လျောမပေးဘဲ ဆေးရုံမှာ တက်နေတဲ့ သံဃာ ၄ ပါး နိုင်ငံခြား ဆေးထွက်ကုချင်တဲ့ကိစ္စကိုလည်း သူတို့လုပ်မပေးဘူး။ ဆေးရုံအုပ်ကြီးကလည်း အဲဒီကိစ္စနဲ့ ပတ်သက်လို့ သူ့ကို မပြောပါနဲ့လို့ ပြောတယ်။ ၀န်ကြီးတွေကလည်း ဒါ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ဟိုပုတ်ဒီပုတ်ပုတ်တယ်။ ” လို့ မိန့်ပါတယ်။
မန္တလေးတိုင်းဒေသကြီး သာသနာရေးဝန်ကြီး ဦးသန်းစိုးမြင့်ဟာ ဂဋ္ဌုန်နီဆရာတော် ဦးကာဝိရကိုလည်း ပင့်ဖိတ်တွေ့ဆုံတယ်လို့ ဆိုပါတယ်။