A d v e r t i s e m e n t With Us

ကချင်ဒုက္ခသည်တွေ စောင်၊ အနွေးထည်နဲ့ ဆေးဝါးအကူအညီလိုအပ်

ဆောင်းတွင်းမှာ ရေခဲလုနီးပါးအေးနေတဲ့ တရုတ်-မြန်မာ နယ်စပ်က ကချင် ဒုက္ခသည် စခန်းတွေအတွက် အ၀တ်အထည်၊ စောင်နဲ့ ဆေးဝါးအကူအညီ အပူတပြင်း လိုအပ်နေတယ်လို့ ဒေသခံ အကူအညီပေးတဲ့အဖွဲ့က ပြောပါတယ်။ နိုဝင်ဘာလကစပြီး တရုတ်-မြန်မာနယ်စပ်မှာ ရာသီဥတုအေးခဲလာပြီး ဒီလအတွင်းမှာ ပိုပြီးအေးတဲ့အတွက် နယ်စပ်တလျှောက်က ဒုက္ခသည်တွေမှာ အထူးသဖြင့် ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အနွေးထည် အလုံအလောက်မရှိဘဲ အကူအညီလိုအပ်နေတာလို့ ဆိုပါတယ်။ အထူးသဖြင့် ရေခဲလောက်အောင် အေးနေတဲ့ နယ်စပ်မှတ်တိုင် အမှတ် ၆ နဲ့ ၈ တ၀ိုက်က ဒုက္ခသည်တွေကို  ဦးစားပေးအကူအညီလိုနေတယ်လို့ ရွှေ့ပြောင်းနေထိုင်သူများနဲ့ ဒုက္ခသည်များ ကူညီပေးရေးကွန်ယက်   (RANIR) အဖွဲရဲ့ ပြောခွင့်ရသူ ကိုဘအောင်က ပြောပါတယ်။ “နယ်စပ်က စခန်း ၆နဲ့ ၈မှာ တော်တော်အေးခဲတယ်။ အဲ့စခန်းက အပြင်ထွက်လို့မရဘူး။ နေ့ရော ညရော မီးလှုံနေရတဲ့ သဘောမှာရှိတယ်။ နိုဝင်ဘာလောက်က စပြီးတော့ တော်တော်အေးခဲတဲ့နေရာတွေပါ။ ညနေပိုင်း ရေခပ်ထားတာက ညရောက်ရင် ခဲသွားပြီး သောက်လို့တောင်မရတော့ဘူး။ ရာသီဥတုကြောင့် စောင်နဲ့ အ၀တ်အထည်တွေ တော်တော်အခက်အခဲ ရှိပါတယ်။ စခန်းကလည်း အမိုးအကာ လုံလုံခြုံခြုံ လုပ်ထားပေးတာ သိပ်မရှိဘူး။ အအေးဒဏ်မခံနိုင်တဲ့ အဖိုး အဖွားနဲ့ ကလေးငယ်တွေလည်း ရှိတယ်။” အဲဒီ ဒေသတလျှောက်မှာ ကချင်ပြည်တွင်းဒုက္ခသည်စခန်း ၄၊ ၅ ခုလောက်ရှိပြီး စခန်းတခုမှာ လူ ၂ ထောင် ၀န်းကျင်နေထိုင်နေကြရတာပါ။ နိုင်ငံတကာအဖွဲ့အစည်းကနေပြီး ဒုက္ခသည်တွေကို အစားအသောက်ကူညီတာတွေရှိပေမယ့် အ၀တ်အထည်နဲ့ စောင်တွေ ကူညီပေးတာမရှိဘူးလို့ ကိုဘအောင် က ပြောပါတယ်။ “များသောအားဖြင့် ဒုက္ခသည်စခန်းတွေမှာ စားစရာကို ဆန်ပဲထောက်ပံ့တာရှိတယ်။ ကျန်တဲ့ အာဟာရအတွက် အာဟာရဖြည့်ဖို့ အခက်အခဲ တော်တော်ရှိတာ တွေ့ရတယ်။ ဆေးဝါး အခက်အခဲလည်း ရှိတယ်။” လတ်တလော  အအေးဒဏ်ကြောင့် သက်ကြီးရွယ်အိုနဲ့ ကလေးတွေကလည်း နှာစေး၊ ချောင်းဆိုးတွေ ဖြစ်တာတွေ များနေတယ်လို့ ကချင်ဒုက္ခသည်အကူအညီပေးရေး အဖွဲ့က ပြောပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကုလသမဂ္ဂ အရာရှိကြီးတဦးက ကချင်ဒုက္ခသည်စခန်းတွေကို လုံခြုံရေးအကြောင်းပြပြီး အစိုးရက ပိတ်ပင်ကန့်သတ်နေတာတွေကို ရပ်ဆိုင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပါတယ်။ လက်ရှိကာလမှာ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ရာသီဥတု အေးပြီး အပူချိန်တွေနိမ့်ကျနေပါတယ်၊ မိုးလေ၀သနဲ့ ဇလဗဒ ညွန်ကြားရေးမှူးဦးစီးဌာနရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့  လွိုင်လင်မြို့မှာ ၁ ဒီဂရီစင်တီဂရိတ်၊ ဟားခါးမြို့ မှာ ၂ ဒီဂရီစင်တီဂရိတ်၊ ပင်လောင်းမြို့မှာ ၃ ဒီဂရီစင်တီဂရိတ်နဲ့ နမ့်စမ်မြို့မှာ ၄ ဒီဂရီစင်တီဂရိတ်တို့ဖြစ်တယ်လို့ ကြေညာထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up