ချင်းအမျိုးသား တပ်ဦးနှင့် အစိုးရ အချက် ၂၇ ချက် သဘောတူ
DVB
·
December 9, 2012

အပစ်အခတ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှာ သဘောတူညီချက် ၂၇ ချက်ကို သဘောတူ လတ်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။
ချင်းအမျိုးသား တပ်ဦးနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒီကနေ့ဆွေးနွေးရာမှာ စီအန်အက်ဖ် တောင်းဆိုတဲ့ အချက် ၃၁ ချက်အနက်က ၂၇ ချက်ကို သဘောတူညီခဲ့ပြီး လတ်မှတ်ရေးထိုးနိုင်ခဲ့တယ်လို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးလှမောင်ရွှေက ပြောပါတယ်။
[caption id="attachment_34138" align="alignleft" width="300" caption="စီအန်အက်ဖ်နှင့် အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံစဉ်"]
[/caption]
စီအန်အက်ဖ်ဘက်က အချက် ၃၁ ချက်ကို ချင်းအမျိုးသားရေးဆိုင်ရာ သဘောတူညီချက်၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘောတူညီချက်၊ စစ်ဘက် သဘောတူညီချက်၊ ချင်းပြည်နယ် ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲနိုင်ရန် သဘောတူညီချက်၊ လူမှုရေးနဲ့ ယဉ်ကျေးမှုများဆိုင်ရာ သဘောတူညီချက် ခေါင်းစဉ် ၅ ခုအောက်ကနေ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီးတော့ ဦးလှမောင်ရွှေက “စီအန်အက်ဖ်နဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ချင်းပြည်နယ်မှာ ၂ ကြိမ် ဆွေးနွေးခဲ့တယ်။ ပြည်ထောင်စုအဆင့်အနေနဲ့ ဒါ ဒုတိယအကြိမ် ရန်ကုန်မှာပေါ့။ စီအန်အက်ဖ်ကနေ အဆိုပြုထားတဲ့ ဆွေးနွေးမယ့်အချက် ၃၁ ချက်မှာ ၂၇ ချက်ကို အတည်ပြု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ သဘောတူညီချက်မရတဲ့အထဲမှာ တချို့အချက်တွေကတော့ လက်တွေ့ဆောင်ရွက်ဖို့ ခက်မယ်ထင်တဲ့ ကိစ္စရပ်နဲ့ မှတ်တမ်းပဲတင်ဖို့လိုတာတွေကိုတော့ သဘောတူညီမှုထဲ မထည့်နိုင်ဘူးပေါ့။ နောက်တကြိမ် ပြန်ဆွေးနွေးမယ့် အချက်ကလည်း ၁ ချက်လောက်ပဲ ရှိပါတယ်” လို့ ပြောပါတယ်။
သဘောတူညီချက်ထဲမှာတော့ ရန်မူပစ်ခတ် တိုက်ခိုက်တာတွေကို ရပ်ဆိုင်းပြီးတော့ ပြည်ထောင်စုအဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့၊ ချင်းပြည်နယ်မှာ လေယာဉ်ကွင်းတည်ဆောက်ပေးဖို့ စတဲ့အချက်တွေ ပါဝင်ခဲ့ပါတယ်။
ဒီဆွေးနွေးပွဲအလားအလာနဲ့ ပတ်သက်ပြီး ဦးလှမောင်ရွှေက “ငြိမ်းချမ်းရေးဖြစ်စဉ်က ကျနော်တို့နိုင်ငံမှာ သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ ကျနော်တို့နိုင်ငံက အဖွဲ့ပေါင်းများစွာနဲ့ တပြိုင်နက်တည်း အပစ်ခတ်ရပ်ပြီး ငြိမ်းချမ်းရေးစကားပြောတဲ့ နိုင်ငံရှိမယ်လို့မထင်ဘူး။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်အောင်မြင်အောင် အားလုံး ၀ိုင်းလုပ်မှရမယ်လို့ ထင်တယ်။ အစိုးရရော၊ ဒီမှာရှိတဲ့ State holder တွေရောပေါ့။ တခြား နည်းလမ်းလည်း မရှိတဲ့အတွက် ဒီလို ငြိမ်းချမ်းရေးဖြစ်စဉ်တွေကနေပြီးတော့မှ ဆွေးနွေးပွဲတွေအကြိမ်ကြိမ်လုပ်၊ ယုံကြည်မှုတည်ဆောက်၊ နှစ်ဖက်ညှိနှိုင်းပြီးတော့ တဖြည်းဖြည်းနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရအောင်သွားဖို့ လိုတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း ကြိုးစားနေတယ်လို့ ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
အရင်ကလည်း စီအန်အက်ဖ်နဲ့ ပြည်ထောင်စုအဆင့်ကို ဟားခါးမှာ ပထမဆုံးဆွေးနွေးခဲ့ပြီးတော့ အခု ဆွေးနွေးပွဲဟာ ပြည်ထောင်စုအဆင့်အနေနဲ့ ရန်ကုန်မှာ ဒုတိယအကြိမ်မြောက် ၃ ရက်ဆက်တိုက် ဆွေးနွေးခဲ့တာလည်း ဖြစ်ပါတယ်။
အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့၊ ချင်းပြည်နယ်ဝန်ကြီး၊ တပ်မတော်အရာရှိများတက်ရောက်ခဲ့သလို စီအန်အက်ဖ်က အထွေထွေအတွင်းရေးမှူးချုပ် အပါအ၀င် ၁၉ ဦးတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
စီအန်အက်ဖ်ဘက်မှ လေ့လာသူ ၁၇ ဦးတက်ရောက်ပြီး အစိုးရဘက်မှ လေ့လာသူ ၁၀ ဦးခန့် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလက အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး မေလထဲမှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါတယ်။
