DVB Logo
Home
မြန်မာသတင်း
ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေး
DVB
·
December 7, 2012
ချင်းအမျိုးသားတပ်ဦးနှင့် အစိုးရ ဒုတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေး
Donate to DVB

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ဆွေးနွေးကြပါတယ်။

စီအန်အက်ဖ်နဲ့ ပြည်ထောင်စုအစိုးရတို့  ဒီဇင်ဘာ ၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီမှာ စတင်ပြီး  ရန်ကုန်မြို့ရှိ Myanmar peace Center မှာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ဦးစိုးသိန်းအပါအ၀င် ၁၂ ဦး တက်ရောက် ဆွေးနွေးပြီး ချင်းအမျိုးသားတပ်ဦးဘက်ကတော့ အထွေထွေအတွင်းရေးမှူးချုပ် ပူးဇင်ကျုံး ဦးဆောင်တဲ့အဖွဲ့ဝင်  ၂၁ ဦးတို့ တွေ့ဆုံ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦးရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာရွှေခါး က “ဒီနေ့က ကျနော်တို့ အလွတ်သဘော ဆွေးနွေးတာ ဖြစ်ပါတယ်။ မနက်ပိုင်းမှာ အဓိကအားဖြင့် ပြီးခဲ့တဲ့ ချင်းပြည်နယ်အစိုးရနဲ့ ဆွေးနွေးတုန်းက သဘောတူညီခဲ့တာတွေကို ပြန်ပြီးတော့ ပြန်လည်ဆန်းစစ်တာတွေ ရှိပါတယ်။ နောက် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု အခြေအနေရောက်ရင် ဘာတွေလုပ်သင့်တယ်ဆိုတာ နှစ်ဖက် အလွတ်သဘော ဆွေးနွေးကြပါတယ်။ နောက် ပြည်ထောင်စုကို တပ်မတော်တခုတည်းရှိရမယ်ဆိုတဲ့ဟာတွေကို သူ့အမြင် ကိုယ့်အမြင် အလွတ်သဘော ပြောကြပါတယ်။”

ဒီနေ့တွေ့ဆုံမှုမှာ တစုံတရာ လက်မှတ်ရေးထိုးတာတွေ  မရှိသေးပါဘူး။ မနက်ဖြန်မှာတော့ ချင်းအမျိုးသားရေးဆိုင်ရာ ဖွံဖြိုးရေး၊ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ စစ်တပ်ဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

“မနက်ဖြန်မှာ အဓိက ၅ ချက် ဆွေးနွေးမယ်။ ချင်းအမျိုးသားဆိုင်ရာ ဆွေးနွေးမယ် တမျိုးသားလုံးအတွက်ပေါ့။ နောက်ဖွံ့ဖြိုးရေးဆိုင်ရာ၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်၊ စာပေနဲ့ယဉ်ကျေးမှုကိစ္စ. အဲဒါကလည်း ချင်းတမျိုးသားလုံးအတွက်ပေါ့။ နောက် စစ်ဘက်ဆိုင်ရာလည်း ဆွေးနွေးကြမယ်.အဲဒါကတော့ နှစ်ဖက်စလုံး ယုံကြည်မှုတည်ဆောက်နိုင်ဖို့နဲ့ အပစ်အခတ်ရပ်စဲရေးကို ကောင်းသထက်ကောင်းအောင်၊ ခိုင်မာသထက်ခိုင်မာအောင် လုပ်ဖို့ဖြစ်ပါတယ်။”

မနက်ဖြန် တွေ့ဆုံမှုမှာ  အစိုးရဘက်က  လေ့လာသူအနေနဲ့ ဦးခွန်ထွန်းဦး၊ ဒေါ်သန်းသန်းနု၊ ဒေါ်ချိုချိုကျော်ငြိမ်းနဲ့ အန်ဒီအက်ဖ်မှ ခေါင်းဆောင်တဦးတို့ အပြင် နိုင်ငံခြားသံရုံးမှ ၁၂ ဦး တက်ရောက်ပြီး စီအန်အက်ဖ်ဘက်ကတော့ ၇ ဦး လေ့လာသူအဖြစ် တက်ရောက်ဖို့ ရှိတယ်လို့ ဒေါက်တာရွှေခါးက ပြောပါတယ်။

အစိုးရနဲ့ တွေ့ဆုံဆွေးနွေပြီးရင်  ဒီဇင်ဘာ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ နိုင်ငံရေးပါတီတွေ၊ ချင်းပြည်သူတွေ၊ ချင်းတက္ကသိုလ်ကျောင်းသားလူငယ်တွေနဲ့  ဆက်လက် တွေ့ဆုံသွားကြမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့ကနေ ၂၁ ရက်အထိ စစ်ကိုင်းတိုင်း ကလေး - ကဘော်ဒေသမှာရှိတဲ့ ချင်းပြည်သူလူထု၊ ချင်းပြည်နယ် ဟားခါး၊ ဖလမ်း၊ ထန်တလန်နဲ့ တီးတိန်မြို့ပေါ်ရှိ ပြည်သူလူထုနဲ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေးအတွက်  နှစ်ပေါင်း ၂၀ ကျော် တိုက်ပွဲဝင်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦးဟာ  ပြီးခဲ့တဲ့ ဇန်န၀ါရီလက အစိုးရနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး မေလထဲမှာ ပထမအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးခဲ့ပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013