မြန်မာပြည်လမ်းမကြီး တလျှောက်က တရုတ်အကျိုးစီးပွား
နေသွင်
·
December 7, 2012
မြန်မာပြည်ကနေ တရုတ်ပြည်ကို ကုန်တွင်းပိုင်းကနေ ပေါက်တဲ့ လမ်းက တလမ်းပဲ ရှိပါတယ်။ မညီမညာ ချိုင့်ခွက်တွေ ဗရပျစ်နဲ့ မြွေလိမ်မြွေကောက် အဲဒီလမ်းမကြီးဟာ ဖုံထူထူလမ်းတွေကို ဖြတ်သန်း၊ မြူဆိုင်းနေတဲ့ တောင်တွေကို ကျော်၊ ဒုက္ခပေးတတ်တဲ့ တောင်စွယ်ချိုင့်ဝှမ်းတွေကို ဖြတ်သန်းပြီး နောက်ဆုံးမှာတော့ တရုတ်ပြည် ယူနန်ပြည်နယ်ရဲ့ မြို့တော် ကူမင်းကို လမ်းပေါက်ပါတယ်။
ဒဏ္ဍာရီဆန်ဆန် Burma Road (မြန်မာပြည်လမ်းမကြီး) ကို ကမ္ဘာစစ်ကာလကြီးက မွေးဖွားပေးခဲ့တာပါ။ ၁၉၃၇ ခုနှစ်မှာ လမ်းကို ဖောက်လုပ်တဲ့အချိန်မှာ တရုတ်လူမျိုးနဲ့ ဒေသခံတွေ ၂ သိန်းလောက်ကို အသုံးပြုခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂေါ်ပြားတွေလောက်ကိုပဲ အသုံးပြုပြီး လိုအပ်ချက်အရ ဖောက်ခဲ့ပါတယ်။ လမ်းဖောက်တဲ့ လုပ်ငန်းစဉ်မှာ လူ ၂၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။
Where China Meets India: Burma and the New Crossroads of Asia စာအုပ်ထဲမှာ စာရေးသူ ဦးသန့်မြင့်ဦးက "၁၉၃၈ ခုနှစ်အထိ ဖုံတထောင်းထောင်းနဲ့ ချုံနွယ်ပိတ်ပေါင်းတွေရှိခဲ့တဲ့ နေရာမှာ စစ်ကားကြီးတွေ သွားလို့ရတဲ့ လမ်းမကြီး ဖြစ်လာခဲ့တယ်" လို့ ရေးခဲ့ပါတယ်။
မဟာမိတ်တပ်တွေ မြန်မာပြည်မှာ ခုခံစစ် ဆင်နွှဲနေတဲ့အချိန်မှာ တရုတ်ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်အတွက် ရုပ်ဝတ္ထုစစ်ကူတွေ ရမယ်ဆိုရင် ဂျပန်ဧကရာဇ် ဟီရိုဟီတိုရဲ့ တပ်တွေကို မောင်းထုတ်နိုင်မယ်လို့ ဗြိတိသျှတွေက တွေးထင်ခဲ့ကြပါတယ်။
လက်တွေ့မှာတော့ ဒီလို မဖြစ်ခဲ့ပါဘူး။ ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး လအနည်းငယ်အတွင်းမှာပဲ ဂျပန်တပ်တွေဟာ ထိုင်းမြေပေါ်ကနေ မြောက်ဘက်ကို ချီတပ်ပြီး တရုတ်တပ်တွေနဲ့ မဟာမိတ်တွေတပ်ကြားက ပင်မဆက်သွယ်ရေးလမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်ပါတယ်။
ဒါပေမယ့် Burma Road ဟာ အချည်းနှီးတော့ ဖြစ်မသွားပါဘူး၊ မြန်မာနဲ့ စီးပွားရေး အတက်ပြနေတဲ့ အိမ်နီးချင်း တရုတ်ပြည်ကြီးတို့ ကြားထဲက ဆက်သွယ်ရေး လမ်းကြီးအနေနဲ့ အသုံးဝင်ခဲ့ပါတယ်။
တရုတ်ပြည်ရဲ့ သန်း ၁၀၀၀ သော လူဦးရေအတွက် အသည်းအသန် လိုအပ်နေတဲ့ တွင်းထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့၊ ရေ၊ ရိက္ခာတွေလို အရင်းအမြစ်တွေကို ကုန်သွယ်ရာ အဓိက လမ်းမကြီးဖြစ်လာပါတယ်။ ဒီလမ်းတကျောမှာ တရုတ်ရဲ့ နေရာတကာမှာ ပျံ့နှံ့နေမှုနဲ့ တရုတ်ရဲ့ ပါဝါအပျော့ (Soft Power) ကို နည်းလမ်းပေါင်းစုံနေတဲ့ တင်သွင်းနေတဲ့ သက်သေတွေက လက်ညှိုးထိုး မလွတ်အောင်ပါပဲ။
တရုတ်ကုန်သည်တွေကို ပျူငှာဧည့်ဝတ်ကျေတဲ့ စားသောက်ဆိုင်တွေအစ၊ မြန်မာပြည်က ကုန်ကြမ်းတွေကို ထုတ်ယူတဲ့ ကုန်ကားတွေအလယ်၊ ဈေးပေါတဲ့ တရုတ်သွင်းကုန်တွေ အထိ၊ Burma Road (မြန်မာပြည်လမ်းမကြီး) တလျှောက်မှာ တရုတ်လွှမ်းမိုးမှု အရိပ်လက္ခဏာတွေကို နေရာတကာတွေ့နိုင်ပါတယ်။
မြန်မာပြည်နဲ့ တရုတ်ပြည်တို့ကြားက တောတောင်ထူတဲ့ နယ်စပ်မျဉ်းက မိုင်ပေါင်း ၁၃၀၀ ရှည်လျားသလို သမိုင်းကြောင်းအရလည်း ရှုပ်ထွေးပါတယ်။ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ ပူပူနွေးနွေး သမိုင်းထက်စာရင် ပဋိပက္ခဖြစ်ခဲ့တဲ့ သမိုင်းကြောင်းက ပိုပြီး သံမဏိရှည်ကြာပါတယ်။
၁၈ ရာစုမှာ မန်ချူးတွေ အကြိမ်ကြိမ်တိုက်ခိုက်တာကို မြန်မာဘက်က တွန်းလှန်ခဲ့သလို ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာလည်း နှစ်နိုင်ငံကြားမှာ တဖက်နဲ့ တဖက် ရန်လိုခဲ့ကြပါတယ်။ မော်လက်ထက်မှာ မြန်မာပြည်အရှေ့ဘက် ကုန်းတွင်းပိုင်းဒေသမှာ ကွန်မြူနစ် အုံကြွမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာအောင် တရုတ်ဘက်က မီးထိုးပေးခဲ့ဖူးပါတယ်။ ဒီလိုနဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို တခါတလေ တောမီးဖြစ်အောင် တရုတ်က မီးမွှေးပေးခဲ့ဖူးပါတယ်။
ဒီလိုနဲ့ ၉၀ ပြည့်လွန်နှစ်တွေမှာတော့ တရုတ်သမ္မတ ကျန်ဇီမင်းက တရုတ်ပြည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တာကြောင့် အရှေ့တောင်အာရှ ဒေသတကြောမှာ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးပေါ်လစီနဲ့ပတ်သက်လို့ ပြန်လည် လန်းဆန်း အားကောင်းလာခဲ့ပါတယ်။
ကျန်ဇီမင်းရဲ့ ပြုပြင်ပြောင်းလဲမှုတွေကနေ အကျိုးထူးတွေ ခံစားရသူတွေကတော့ မြန်မာ အစိုးရဖြစ်ပါတယ်။ တရုတ်အစိုးရဟာ ကွန်မြူနစ်သူပုန်တွေကို ထောက်ပံ့ပေးနေတာတွေကို ရပ်ဆိုင်းလိုက်ပြီး မြန်မာပြည်နဲ့ ကြီးမားတဲ့ ကုန်သွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် မြန်မာပြည်အတွက် တခြား ရွေးစရာမရှိလောက်အောင် ဖြစ်နေပါတယ်။ စီးပွားရေးချွတ်ခြုံကျတာ၊ စီးပွားရေးမှာ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေနဲ့ မြန်မာပြည်ရဲ့ နိုင်ငံခြားအရန်ငွေ သုညအထိ ကျဆင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ မြန်မာအစိုးရဟာ အစဉ်အလာ ရန်သူတော် တရုတ်နဲ့ ပေါင်းရတဲ့ အခြေအနေဆိုက်သွားပါတယ်။
အကျိုးဆက်တွေကလည်း သိသာပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာပြည်ကို ပိုပြီးအထီးကျန်စေမယ့် ဆုံးဖြတ်ချက်တွေကို တရုတ်က ဗီတိုအာဏာသုံးပြီး ကန့်ကွက် ကာကွယ်ပေးခဲ့ပါတယ်။ ဒါတင်မက မြန်မာဗိုလ်ချုပ်တွေကို အာဏာမြဲစေအောင် တရုတ်အစိုးရက လက်နက်ကြီး၊ လက်နက်ငယ်တွေ မျိုးစုံကိုလည်း ပုံမှန် ထောက်ပံ့ပေးခဲ့ပါတယ်။
အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (စီအိုင်အေ) ရဲ့ အချက်အလက်တွေအရ အခုဆိုရင် တရုတ်ပြည်ဟာ မြန်မာပြည်ရဲ့ အကြီးဆုံး ကုန်သွယ်ဘက်ဖြစ်နေပါပြီ။ မြန်မာ့ပို့ကုန်ရဲ့ ၂၀ ရာခိုင်နှုန်းကို တရုတ်ပြည်ဆီ ပို့နေပြီး၊ မြန်မာ့သွင်းကုန်တန်ဖိုးရဲ့ ၄၀ ရာခိုင်နှုန်းက တရုတ်ပြည်က ဖြစ်နေပါတယ်။ ဒီနေရာမှာ မှိုလိုပေါက်နေတဲ့ မှောင်ခိုလုပ်ငန်းတွေကိုတော့ ထည့်တွက်ဖို့ ခက်ပါတယ်။ အဲဒီ တရားမ၀င်ကုန်သွယ်ရေးလုပ်ငန်းမှာ ကျွန်းသစ်ကနေ ကျောက်စိမ်းအထိ ပါဝင်ပါတယ်။ ဒါတင်မက တရုတ်ပြည်မှာ အလျှံပယ်ဖြစ်နေတဲ့ လူပျိုကြီးတွေနဲ့ အိမ်ထောင်ချပေးဖို့ မြန်မာအမျိုးသမီးတွေကို တရုတ်ပြည်ဘက်ပို့တဲ့ မှောင်ခိုလုပ်ငန်းတောင် ရှိပါတယ်။
ဒါပေမယ့် စောစောက တရားဝင်နဲ့ မှောင်ခို ကုန်သွယ်ရေးတန်ဖိုးက အခုနှစ်ပိုင်းတွေအတွင်း တရစ်ပြီးတရစ်တိုးလာနေတဲ့ တရုတ်ရဲ့ မြန်မာပြည်မှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) နဲ့ နှိုင်းယှဉ်လိုက်ရင် မပြောပလောက်ပါဘူး။ စင်ကာပူကို ခြွင်းချက်ထားလိုက်ရင် တရုတ်ရဲ့ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုဟာ အရှေ့တောင်အာရှနိုင်ငံတွေမှာ ဘယ်နိုင်ငံနဲ့ ယှဉ်ယှဉ် နှစ်ဆပိုများပါတယ်။ ဒါတောင် တရုတ်က မြန်မာပြည်မှာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမယ်လို့ ဆိုထားတာကြောင့် အဲဒီပမာဏအတိုင်းဆိုရင် မြန်မာပြည် GDP ရဲ့ တ၀က်နီးပါးနဲ့ ညီမျှသွားပါလိမ့်မယ်။
ဒီလို အထောက်အပံ့တိုင်းမှာ အကြောင်းတွေ ရှိပါတယ်။ ၂၀၁၁ ခုနှစ်မှာ တရုတ်ပြည်ရဲ့ နေ့စဉ် ရေနံစည်ပေါင်း ၉ ဒဿမ ၄ သန်းရှိပြီး လာမယ့် ၂၀၃၀ အရောက်မှာ နှစ်ဆနီးပါး တိုးလာဖို့ ရှိနေပါတယ်။ စွမ်းအင်လိုအပ်ချက်ရဲ့ ၈၅ ရာခိုင်နှုန်းဆိုတဲ့ ဧရာမ ပမာဏကို နိုင်ငံခြားကနေ တင်သွင်းရလိမ့်မယ်လို့ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (International Energy Agency) က ခန့်မှန်းထားပါတယ်။ တချိန်တည်းမှာ တရုတ်ပြည်အတွက် တွင်းထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့၊ လျှပ်စစ်စွမ်းအားတို့လို အရင်းအမြစ်တွေလည်း အငမ်းမရ လိုအပ်နေပြန်ပါတယ်။
မြန်မာပြည်မှာလည်း အာရှမှာ အကြီးဆုံး ရေနံနဲ့ ဓာတ်ငွေ့သိုက်တွေ ရှိနေပါတယ်။ မဟာဗျူဟာရှုထောင့်က ကြည့်ရင်လည်း တရုတ်သံတမန်တချို့က မြန်မာပြည်ကို တရုတ်ပြည်အတွက် ဒုတိယမြောက်ကမ်းခြေဒေသ (Second Coast) လို့တောင် တင်စားခေါ်နေကြပါတယ်။
ဒီလိုအကြောင်းတွေ ရှိနေတာကြောင့် မြန်မာပြည်မှာ တရုတ်က အလုံးအရင်းနဲ့ ဧရာမ ရင်းနှီးမြှုပ်နှံထားတာ သဘာဝကျပါတယ်။ တရုတ်နိုင်ငံပိုင် ကုမ္ပဏီတော်တော်များများဟာ အိန္ဒိယသမုဒ္ဒရာကနေ ရေနံနဲ့ ဓာတ်ငွေ့တွေကို တရုတ်ပြည်ကို သွင်းနိုင်ဖို့ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံလောက် ကုန်ကျမယ့် ပိုက်လိုင်းစီမံကိန်းတခုမှာလည်း အရင်းနှီးတွေ ထည့်ဝင်ထားကြပါတယ်။
တရုတ်ပြည်ဟာ နဂိုကတည်းက ကမ္ဘာပေါ်မှာ ရေအားလျှပ်စစ်အများဆုံး ထုတ်လုပ်ရာ နိုင်ငံဖြစ်ပါတယ်။ တရုတ်ပြည်မှာသုံးနေတဲ့ လျှပ်စစ်ဓာတ်အားပမာဏရဲ့ ၁၆ ရာခိုင်နှုန်းဟာ ရေအားလျှပ်စစ်ကနေ ထုတ်ယူထားပါတယ်။ ဒါပေမယ့် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီတွေကြားမှာ လုပ်ငန်းတွေ အပြိုင်လုလုပ်ကြရင်းနဲ့ အခုဆိုရင် တရုတ်ပြည်မှာ ရေကာတာ ထပ်ဆောက်စရာ မြစ်တွေ ကုန်သလောက် ဖြစ်သွားပါပြီ။
လောလောဆယ်မှာ မြန်မာပြည်က ရေအားလျှပ်စစ်စီမံကိန်းပေါင်း ၆၃ ခုမှာ တရုတ်က ရင်းနှီးမြှုပ်နှံထားပါတယ်။ ဧရာဝတီ မြစ်ညာဒေမှာ ရေကာတာတွေ အတွဲလိုက် တည်ဆောက်ဖို့ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPIC) တခုတည်းက လျာထားတဲ့ ပမာဏက အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရှိပါတယ်။ ဘယ်လိုအကြောင်းပြချက်တွေ ပေးထားသည်ဖြစ်စေ၊ နောက်ဆုံးမှာတော့ ရေကာတာကနေ ထွက်လာမယ့် လျှပ်စစ်တွေ တော်တော်များများကို တရုတ်ပြည်ဘက်ကိုပဲ ပြန်ပို့မှာပါပဲ။ မြန်မာပြည်ဘက်မှာတော့ မန္တလေးနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာတောင် မကြာခဏ မီးပျက်တဲ့ ဒဏ်တွေကို ခံစားနေရပါတယ်။ မြန်မာပြည်ကျေးလက်က ပြည်သူတွေအတွက်ကတော့ လျှပ်စစ်မီးဆိုတာ မြင်တောင် မမြင်ဖူးကြပါဘူး။
အခုတော့ မြန်မာပြည်တွင်း နိုင်ငံရေးမှာ မယုံနိုင်တဲ့ အပြောင်းအလဲတွေကြောင့် မြန်မာပြည်မှာ တရုတ်နိုင်ငံ ရင်ဆိုင်ရမယ့် အနေအထားလည်း ပြောင်းလဲလာပါတယ်။ ကမ္ဘာ့ပေါ်မှာ စီးပွားရေးအရ အင်အားကြီးထွားနေတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ လမ်းဆုံလမ်းခွမှာ မဟာဗျူဟာကျကျ တည်ရှိနေတဲ့ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် အနောက်နိုင်ငံတွေဆီကနေ သံခင်းတမန်ခင်းအရ ဆက်တိုက်ထောက်ခံမှုတွေ ရလာပါတယ်။ ဆယ်စုနှစ်တွေချီရှိခဲ့တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြောင့် ပိတ်မိနေတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိစ္စကတော့ အထူးပြောစရာတောင် မလိုတော့ပါဘူး။
မြန်မာပြည်ဟာ အရင်တုန်းကလို တရုတ်တွေ ထင်တိုင်းကြဲ မင်းမူခွင့်ရှိတဲ့ နောက်ဖေးက နိုင်ငံမဟုတ်တော့ဘဲ တရုတ်အတွက် စိန်ခေါ်နေတာတွေ ရှိလာပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ သမ္မတ ဦးသိန်းစိန်က အမေရိကန်ဒေါ်လာ ၃ ဒဿမ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကို ဆိုင်းငံ့ထားလိုက်ပါတယ်။ မြန်မာပြည်မှာ တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ အကြီးဆုံး စီမံကိန်းကြီးကို အခုလို ဆိုင်းငံ့ထားလိုက်တာကြောင့် တရုတ်အစိုးရက အံ့အားသင့်သွားသလို၊ စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံထားတဲ့ တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း (CPIC) အတွက်လည်း အရှက်ရစရာဖြစ်ခဲ့တယ်လို့ တရုတ်စွမ်းအင်ရေးရာ ကျွမ်းကျင်သူတယောက်က ဆိုပါတယ်။ ဒီလိုနဲ့ ရုတ်ချည်း ဆိုသလိုပဲ မြန်မာပြည်က တရုတ်ရဲ့ စီမံကိန်းတွေအတွက် အန္တရာယ်ကျရောက်နိုင်တဲ့ အနေအထားမျိုး ဆိုက်သွားပါတယ်။
မြန်မာပြည်ကို အမေရိကန်၊ တရုတ်နဲ့ အိန္ဒိယတို့ အပြိုင်အဆိုင် ဩဇာလွှမ်းဖို့ ကြိုးစားရာ နိုင်ငံဖြစ်လာအောင်၊ စစ်ရေးနဲ့ စီးပွားရေး လွှမ်းမိုးမှုအတွက် ယှဉ်ပြိုင်ကြရာ နိုင်ငံဖြစ်လာအောင်၊ နိုင်ငံတကာ ကုမ္ပဏီတွေ ကြားထဲမှာလည်း မြန်မာပြည်က သဘာဝ သယံဇာတတွေကို ရယူဖို့ အပြိုင်အဆိုင်ကြိုးစားရတဲ့ အခြေအနေမျိုးဖြစ်လာအောင် သမ္မတ ဦးသိန်းစိန်က ကျွမ်းကျွမ်းကျင်ကျင် စီမံလိုက်ပါတယ်။
ဒါပေမယ့် တရုတ်ကလည်း ခေသူမဟုတ်ပါဘူး။ မြန်မာပြည်က ပြောင်းနေတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ပုံကိုင်ပုံတွေကို အလျင်အမြန် ပြောင်းလဲလိုက်တာ တွေ့ရပါတယ်။ သမ္မတ ဦးသိန်းစိန်ရဲ့ ခြေလှမ်းက အချက်ပြတာဆိုရင် ဒါကို တရုတ်က သိသွားပုံရပါတယ်။
“တရုတ်က မူဘောင်ထဲကနေ လှုပ်ရှားတတ်ပါတယ်” လို့ Georgetown University က ပါမောက္ခနဲ့ မြန်မာ့အရေးကျွမ်းကျင်သူ David Steinberg က ဆိုပါတယ်။
“ပြောင်းလဲလာတဲ့ အခြေအနေပေါ်မူတည်ပြီး သူတို့လည်း လိုက်ပြောင်းတယ်” လို့ ပြောပါတယ်။
တချိန်တုန်းက ဂုဏ်ယူစရာ ကုန်းဘောင်မင်းဆက်ခေတ်က မင်းနေပြည်တော် ဖြစ်ခဲ့တဲ့ မန္တလေးမြို့မှာ လေယာဉ်ဆိုက်ပါတယ်။ မန္တလေးနန်းတော်ကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ပြာပုံဘ၀ရောက်ခဲ့ရဖူးပါတယ်။ ဒီနှစ်ပိုင်းတွေမှာတော့ မန္တလေးမြို့လယ်ခေါင်ကို အကုန်လုံးကို တရုတ်ရင်းနှီးမြှုပ်နှံသူတွေက ၀ယ်လိုက်ပါပြီ။ မန္တလေးမှာတော့ တရုတ်စာတွေနဲ့ ဈေးဆိုင်တွေ၊ တရုတ်တံဆိပ်နဲ့ ကုန်ပစ္စည်းတွေချည်းပါပဲ။ မြန်မာပြည်က ကျော်ကြားတဲ့ ကျောက်စိမ်းနဲ့ ပတ္တမြားတွေ အရောင်းအ၀ယ်လုပ်တဲ့ မန္တလေးကျောက်ဈေးမှာလည်း ၀တ်ကောင်းစားလှတွေနဲ့ တရုတ် စီးပွားရေးသမားတွေနဲ့ပဲ ပြည့်နေပါတယ်။ ယူနန်ပြည်နယ်ထဲက ရွှေလီလို နယ်စပ်မြို့တွေကနေ လာကြတဲ့ တရုတ်စီးပွားရေးသမားတွေပါ။
မန္တလေးမြို့မှာ ၆၀ ပြည့်လွန်နဲ့ ၇၀ ပြည့်လွန် နှစ်တွေမှာ တရုတ်ဆန့်ကျင်ရေး အဓိကရုဏ်းတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလို ပဋိပက္ခတွေကြောင့် မြန်မာပြည်ကို တရုတ်တွေ ၀င်လာတာ မစဲသွားပါဘူး။ Brookings Institution ရဲ့ ခန့်မှန်းချက်အရ မန္တလေး လူဦးရေမှာ ၃၀ ကနေ ၄၀ ရာခိုင်နှုန်းဟာ တရုတ်လူမျိုးတွေလို့ ဆိုပါတယ်။
လွတ်လပ်တဲ့ မြန်မာမီဒီယာဖြစ်တဲ့ ဧရာဝတီမဂ္ဂဇင်းရဲ့ အဆိုအရ လခနည်းနည်းပဲ ရကြတဲ့ မြန်မာအစိုးရ၀န်ထမ်းတွေကို တရုတ်တွေက လာဘ်ငွေထိုးပြီး မှတ်ပုံတင်ရအောင် လုပ်ကြတယ်။ မှတ်ပုံတင်ရသွားရင် အိမ်ခြံမြေတွေ ၀ယ်ယူခွင့်တွေ ရသွားကြတယ်လို့ ဆိုပါတယ်။ အကျိုးဆက်ကတော့ မန္တလေးနဲ့ ရန်ကုန်လို မြို့ပေါ်က အိမ်ခြံမြေဈေးတွေဟာ မြန်မာပြည်က အထက်တန်းလွှာတွေတောင် မ၀ယ်နိုင်လောက်တဲ့အထိ မြောက်တက်ကုန်တာပါပဲ။
တရုတ်လူမျိုး အထက်တန်းလွှာတွေရဲ့ သားသမီးတက်တဲ့ ပုဂ္ဂလိက ကျောင်းတွေဟာ အစိုးရ ကျောင်းတွေနဲ့ မယှဉ်နိုင်လောက်အောင် ကွာနေတဲ့အပေါ် စောဒက တက်နေတာတွေကလည်း ဒေါသနဲ့ အဆင့်အတန်း ကွာဟချက်တွေ ရှိနေတာရဲ့ အဓိပ္ပာယ်ပါပဲ။
ဒီလို နယ်ချဲ့ဝါဒဆန်ဆန် ကိစ္စတွေကြောင့် မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ခေါင်းပြန်ထောင်လာပြီး မနှစ် ဇွန်လတုန်းက တရုတ်လူမျိုးပိုင် ရတနာဆိုင်တဆိုင်ကို မြန်မာလူမျိုး ဆန္ဒပြသမားတွေက အတင်းဝင်ခဲ့တဲ့ အခြေအနေမျိုး ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ပတ္တမြား၊ ကျောက်စိမ်းတို့ကို တရုတ်ရဲ့ စွမ်းအင်လိုအပ်ချက်လို အရေးကြီးတဲ့ အကျိုးစီးပွားနဲ့ နှိုင်းယှဉ်လိုက်ရင် အပေါစားအဆင်တန်ဆာတွေပဲ ဖြစ်သွားပါလိမ့်မယ်။ တရုတ်ပြည်ရဲ့ အချိန်အတန်ကြာ အတက်ပြလာတဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို ရေနံ၊ ဓာတ်ငွေ့၊ ကျောက်မီးသွေးနဲ့ တခြား စွမ်းအင် အရင်းအမြစ်တွေက အားဖြည့်ပေးခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကို ပြန်ကြည့်ရင် တရုတ်ပြည်ရဲ့ စွမ်းအင်လိုအပ်ချက်က ၁၅၀ ရာခိုင်နှုန်း ပိုများလာပါတယ်။ စွမ်းအင်အသုံးပြုမှုမှာ တရုတ်ဟာ အမေရိကန်ကို ကျော်တက်ပြီး လက်ရှိ ကမ္ဘာမှာ စွမ်းအင်အများဆုံးသုံးစွဲတဲ့ နိုင်ငံ ဖြစ်နေပါပြီ။
အနာဂတ်စီးပွားရေးတိုးတက်မှုကို သေချာစေဖို့ မြန်မာပြည်လို အိမ်နီးချင်း နိုင်ငံတွေကနေ စွမ်းအင်အရင်းအမြစ်တွေကို ရယူဖို့ တရုတ်က အငမ်းမရ ကြိုးပမ်းနေပါတယ်။ ဒီလို စီမံကိန်းတွေဟာ မန္တလေးမြို့အပြင်ဘက်၊ လားရှိုးကနေ တရုတ်ပြည် ကူမင်းကို ဆက်သွယ်ထားတဲ့ Burma Road (မြန်မာပြည်လမ်းမကြီး) တလျှောက်မှာ ရှိနေပါတယ်။
ရည်ညွှန်း။ ။ Along the Burma Road, China Navigates Path to Energy Security by Jeff Howe and Gary Knight (Published October 30, 2012)

