Home
မြန်မာသတင်း
မြန်မာနိုင်ငံပိုင်ဂြိုဟ်တု Myanmar Sat 2 ကို လာမည့် ရက်ပိုင်းအတွင်း လွှတ်တင်မည်
အောင်ဆန်းဦး
·
July 31, 2019
မြန်မာနိုင်ငံပိုင် ဂြိုဟ်တု Myanmar Sat 2 ကို လာမယ့်ရက်ပိုင်းအတွင်း လွှင့်တင်သွားမယ်လို့  ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဦးနေဗူးဗဆွေက ဒီဗွီဘီကို အတည်ပြုပြော ပါတယ်။ အဆိုပါ ဂြိုဟ်တု လွှင့်တင်နိုင်ရန်အတွက် ကုန်ကျစရိတ်နဲ့ အခြေစိုက်စခန်းတွေ တည်ဆောက်ဖို့  ကုန်ကျစရိတ်ကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန တင်ပြတောင်းခံသည့်အတိုင်း ဖြတ်တောက်ခြင်းမရှိဘဲ လွှတ်တော်က ခွင့်ပြုပေးထားပြီး ပြီလို့ဆို ဆိုပါတယ်။ ဂြိုဟ်တုလွှင့်တင်ပြီးပါက အသုံးပြုနိုင်မယ့် ပမာဏရဲ့ ၈၀ ရာခိုင်နှုန်းကို မြန်မာ့ ဆက်သွယ်ရေး ကွန်ရက် (MPT)က ဝယ်ယူအသုံးပြုမှာပြီး ကျန်ရှိနေတဲ့ ၂၀ ရာခိုင်နှုန်း ကို ဝန်ကြီးဌာနတွေမှ ခွဲဝေဝယ်ယူအသုံးပြုသွားမှာဖြစ်တဲ့အတွက် ကုန်ကျစရိတ်ကို ပြန်လည်ရရှိမှာ ဖြစ်တဲ့အပြင် ဆက်သွယ်ရေးအနေဖြင့်လည်း ပိုမိုကောင်းမွန်လာနိုင်တယ်လို့ ပို့ဆောင်ရေး ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီက ဆိုပါတယ်။ မြန်မာပိုင်ဂြိုလ်တုလွှတ်တင်ပြီးသွားရင် အရင်ကထက်  ၁၀ ဆလောက်အထိ ပိုကောင်းတဲ့ ဆက်သွယ်မှုတွေရလာနိုင်ပြီး မိုဘိုင်းအင်တာနက်နဲ့ တခြားဆက်သွယ်ရေးတွေမှာလည်း မြန်နှုန်း ပိုရလာမယ်လို့ သတင်းအချက်အလက်နည်းပညာနဲ့ ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန အင်ဂျင်နီယာချုပ်က နိုင်ငံပိုင်သတင်းဌာနကို ပြောပါတယ်။ လာမယ့် သြဂုတ် ၇ ရက်မှာလွှတ်တင်မယ့် မြန်မာပိုင်ဂြိုဟ်တုနဲ့ ပတ်သက်ပြီး အစိုးရ သတင်းစာတွေမှာ ဖော်ပြထားတာဖြစ်ပါတယ်။ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က “နောက်ဆုံးပေါ် နည်းပညာအသုံးပြုထားလို့ Myanmar Sat 1 ထက် အဆ ၈ ဆက ၁၀ ဆအထိ ပိုကောင်းတဲ့အတွက် အရည်အသွေးမြင့်တဲ့ ဆက်သွယ်မှုတွေ ရရှိနိုင်ပါတယ်။ ဖမ်းယူမှုအားပိုမိုရရှိတဲ့အတွက် Myanmar Sat 2 အသုံးပြုတဲ့ မိုဘိုင်းအင်တာနက်နဲ့ အခြားဆက်သွယ်ရေးတွေမှာလည်း မြန်နှုန်းပိုမိုရရှိလာမှာ ဖြစ်ပါတယ်။ Myanmar Sat 2 ဂြိုဟ်တုက ဂြိုဟ်တုလိုင်းအင်အား ၈၆၄ မဂ္ဂါဟတ်စ် (၈၆၄ MHz) ကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှာ စတင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အစိုးရဝန်ကြီးဌာနတွေအပြင် ပုဂ္ဂလိကကုမ္ပဏီတွေပါ အသုံးပြုနိုင် ပါတယ်’’ လို့ ပြောပါတယ်။ ဒီဂြိုဟ်တုကို မူလက ဇူလိုင် ၂၄ ရက်မှာ လွှတ်တင်ဖို့ စီစဉ်ခဲ့ပေမယ့် ဒီမတိုင်ခင်လွှတ်တင်တဲ့ ဂြိုဟ်တု တစင်း ပျက်ကျခဲ့တာကြောင့် သြဂုတ် ၇ ရက်ကို ရွှေ့ဆိုင်းခဲ့တာပါ။ Myanmar Sat 2 ဂြိုဟ်တု တည်ဆောက်နိုင်ဖို့  မြန်မာနိုင်ငံ သတင်း အချက်အလက် နည်းပညာနဲ့ ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနဲ့ Intelsat ကုမ္ပဏီတို့ ၂၀၁၈ ဇွန် ၁ ရက်က သဘောတူ လက်မှတ်ရေးထိုးပြီး စုစုပေါင်းကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၅၅ သန်းကျော်ပါတယ်။ အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က “ဂြိုဟ်တုကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယား အခြေစိုက် Palo Alto က ထုတ်လုပ်ပါတယ်။ Myanmar Sat 2 က Intelsat Satellite Operator နဲ့ ပေါင်းပြီး လွှတ်တာဖြစ်ပါတယ်။ မြန်မာပိုင်တဲ့အပိုင်းကို Myanmar Sat 2 လို့ အမည်တပ်ခွင့်ရပါတယ်။ (သယ်ပို့ပေးမယ့်) Ariane 5 ဒုံးပျံကို ပြင်သစ်ကုမ္ပဏီတခုဖြစ်တဲ့ Arianespace က ထုတ်လုပ်ပြီး သူ့စခန်းကပဲ လွှတ်တင်ပေးပါတယ်။ တောင်အမေရိကတိုက် မြောက်အတ္တလန္တိတ်ကမ်းခြေမှာရှိတဲ့ အာရိယန် အာကာသဒုံးပျံပစ်လွှတ်ရေး အခြေစိုက်စခန်းကနေ လွှတ်တင်ပေးမှာ ဖြစ်ပါတယ်’’ လို့ ပြောပါတယ်။ အရင်ကတော့ မြန်မာနိုင်ငံဟာ ဂြိုဟ်တုဆက်သွယ်ရေးကွန်ရက်ကို အမေရိကန်၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုင်ငံပေါင်းစုံကနေ တဆင့် ငှားရမ်းအသုံးပြုနေခဲ့ရပြီး တနှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ပေးရတယ်လို့ ဆိုပါတယ်။ ဒီဂြိုလ်တုကြောင့် “Microwave ဆက်ကြောင်းတွေ၊ ဖိုင်ဘာဆက်သွယ်ရေး ဆက်ကြောင်းတွေ မရရှိသေးတဲ့ မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်ဖျားဒေသမကျန် အချိန်တိုအတွင်း ဆက်သွယ်မှုကို ရရှိစေနိုင်ပါတယ်။ ဥပမာ - သဘာဝဘေးဒဏ် ကျရောက်တဲ့အခါ အလျင်အမြန်ဆက် သွယ်မှုရရှိစေပြီး ပုံရိပ်နဲ့ဗီဒီယိုတွေ၊ အချက်အလက်တွေကို ပေးပို့နိုင်တဲ့ အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိကအောင်မြင်အောင် အထောက် အကူပေးနိုင်ပါတယ်” လို့ ဦးဝင်းအောင်က ပြောပါတယ်။ ဂြိုဟ်တုကို လာမယ့် ဩဂုတ် ၇ ရက် မြန်မာစံတော်ချိန် မနက် ၂ နာရီမှာ လွှတ်တင်သွားမှာဖြစ်ပြီး လွှတ်တင်မှု၊ ပတ်လမ်းရောက်ရှိလည်ပတ်နိုင်မှုနဲ့ တိုးတက်မှု အခြေအနေတွေကို Twitter, Linkedin နဲ့ Facebook တို့မှာ အချိန်နဲ့တပြေးညီ တင်ပြပေးသွားမှာ ဖြစ်သလို www.arianespace.com မှာလည်း ဂြိုဟ်တုလွှတ်တင်တဲ့ ဗီဒီယိုကို တိုက်ရိုက်ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024