Homeမြန်မာသတင်း
မူးယစ်ဆေးသုံးသူများကို လူမှုရေးပြစ်ဒဏ် ချမှတ်နိုင်ရန် နည်းဥပဒေပြဋ္ဌာန်းပြီးမှ စတင်နိုင်မည်
မူးယစ်ဆေးသုံးသူများကို လူမှုရေးပြစ်ဒဏ် ချမှတ်နိုင်ရန် နည်းဥပဒေပြဋ္ဌာန်းပြီးမှ စတင်နိုင်မည်
အောင်ဆန်းဦး
·
July 29, 2019
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ နည်းဥပဒေပြဋ္ဌာန်းပြီးမှ စတင်နိုင်မယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဗိုလ်ချုပ် အောင်သူက ပြောပါတယ်။
ဒီအတွက် နည်းဥပဒေရေးဆွဲထားပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့ထားကာ သဘောထားမှတ်ချက် တောင်းခံထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။
ရပ်စောက်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် မေးမြန်းတဲ့ မူးယစ်ဆေးဝါးသုံးသူတွေကို လူမှုရေးပြစ်ဒဏ်ပေးခြင်းကို နိုင်ငံတော်အနေနဲ့ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်နိုင်မှုရှိမရှိ သိလိုသည့် မေးခွန်းအပေါ် ဒုဝန်ကြီး ဗိုလ်ချုပ်အောင်သူက အခုလို ပြောဆိုလိုက်တာပါ။
“နည်းဥပဒေမူကြမ်းကို ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပေးပို့၍ သဘောထား မှတ်ချက်တောင်းခံထားလျက်ရှိပါတယ်။ သို့ပါ၍ မူးယစ်ဆေးဝါး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာပြင်ဆင်သည့် နည်းဥပဒေအတည်ပြုပြဋ္ဌာန်းပြီးမှသာလျှင် ဥပဒေနှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်”လို့ ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။
၁၉၉၅ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်ရေးဆွဲနိုင်ရေးကော်မတီကို ဒုရဲချုပ် ၂ က ဥက္ကဋ္ဌအဖြစ် ၂၈ ဦးပါအဖွဲ့နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးက ၂၀၁၈ အောက်တိုဘာ ၂၀ ရက်က ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက် နေတာလို့ လည်းဆိုပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်တွေချမှတ်ဖို့ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြင်ဆင်ပြဋ္ဌာန်းပြီး ဖြစ်ပေမယ့် လက်တွေ့ မကျင့်သုံးနိုင်သေးပါဘူး။
ဒါ့ကြောင့် မြန်မာ လူငယ်လူရွယ်တွေ အများအပြားဟာ သာမန် မူးယစ်ဆေးဝါး အနည်းငယ် လက်ဝယ်တွေ့ရှိရုံနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေကြရသလို မြန်မာနိုင်ငံတ၀န်း အကျဉ်းထောင်တွေမှာလည်း မူးယစ်ဆေးဝါးမှုတွေနဲ့ အကျဉ်းကျခံနေရသူတွေနဲ့ ပြည့်နှက်နေ ပါတယ်။