DVB Logo
Home
မြန်မာသတင်း
ပဋိပက္ခသတင်းရေးနည်းသင်တန်း နေပြည်တော်တွင် ပို့ချ
DVB
·
December 5, 2012
Donate to DVB

နေပြည်တော် ဟိုတယ်ရွှေပြည်တော်မှာ “ပဋိပက္ခဂရုပြု သတင်းရေးသားနည်းသင်တန်း” ရက်တိုသင်တန်းတခု ဒီနေ့ စတင်ပို့ချပါတယ်။

မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ့ ပူးပေါင်း စီစဉ်တဲ့  ဒီဇင်ဘာ ၅ ရက်ကနေ ၇ ရက်ထိ ပို့ချမယ့် အဲဒီသင်တန်းကို အွန်လိုင်းမီဒီယာသတင်း ပုံနှိပ်မီဒီယာနဲ့ ရုပ်သံမီဒီယာတွေက သတင်းထောက် ၂၀ ခန့် တက်ရောက်နေတယ်လို့ သင်တန်းသားတဦးက ပြောပြပါတယ်။

“သတင်းမီဒီယာတွေက အယောက် ၂၀ လောက်တက်ကြတယ်။ နီပေါလူမျိုး ၁ ယောက်လည်း ပါတယ်။ သင်တန်းဆရာလည်း နီပေါဆရာ ၁ ယောက် ပါတယ်။ မြန်မာ့အသံနဲ့ သမ္မတရုံး ၀က်ဘ်ဆိုဒ်ကလူတွေလည်းပါတယ်။”

ဒီသင်တန်းတွေကို ဒီဇင်ဘာ ၁ ရက်ကနေ ၃ ရက်နေ့ အထိ ရန်ကုန်မှာ ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ နေပြည်တော်မှာပြီးရင် မန္တလေး၊ မုံရွာ၊ မော်လမြိုင်၊ ပုသိမ်၊ စစ်တွေ၊ မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုးနဲ့ ကလေးမြို့တွေမှာ ဆက်တိုက်ကျင်းပသွားမယ်လို့ ဦးဆောင်စီစဉ်သူတွေက ပြောပါတယ်။

သင်တန်းတခုမှာ သင်တန်းသားအယောက် ၂၀ ပါတဲ့ သင်တန်း ၂၀ ကို ကျင်းပမယ်လို့ ဆိုပါတယ်။ သင်တန်းမှာ သီရိလင်္ကာနဲ့ နီပေါက သင်တန်းဆရာ ၂ ယောက်က ပို့ချပြီး ပြည်တွင်းက အတွေ့အကြုံရှိတဲ့ သင်တန်းဆရာတွေလည်း ပူးပေါင်းပို့ချမှာဖြစ်ပါတယ်။

သင်တန်းရဲ့ရည်ရွယ်ချက်နဲ့ ပတ်သက်လို့ စီမံကိန်းမန်နေဂျာ ဒေါ်သင်းသင်းအောင်က ပဋိပက္ခသတင်းတွေကို ရေးသားရာမှာ  တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ရေးသားနိုင်ရေး မြှင့်တင်နိုင်ဖို့ လို့ ပြောပါတယ်။

“ပဋိပက္ခသတင်းပဲဖြစ်ဖြစ်၊ ဘာသတင်းဖြစ်ဖြစ် သတင်းတိုင်းကတော့ 5W (Where, Who, What, When and Why) နဲ့ 1H (How) ပါရမယ်။ အဲကမှတဆင့် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ ဆောင်ရန် ရှောင်ရန်ဆိုတာ သင်သွားတာရှိတယ်။ ပဋိပက္ခဖြစ်နေတဲ့ ပါဝင်ပတ်သက်တဲ့လူတွေရဲ့ အမြင်တွေကို ပြည့်ပြည့်စုံစုံဖော်ပြပေးရမယ်။ နောက်ဆုံးကတော့ ပြန်ကြည့်ရမှာက တိကျမှု၊ ဘက်လိုက်မှုကင်းမှုနဲ့ တာဝန်သိမှု ၃ ခုကို နောက်ဆုံးမှာ ပြန်လည် စစ်ဆေးပါပေါ့။”

နေပြည်တော်သင်တန်းပြီးရင် မန္တလေးမြို့မှာ ဒီဇင်ဘာ ၉ ရက်ကနေ ၁၁ ရက်နေ့ထိ ၃ ရက်ဆက်တိုက် သင်တန်းပို့ချဖို့ စီစဉ်ထားပါတယ်။

ဒိန်းမတ်အခြေစိုက် (နိုင်ငံတကာမီဒီယာပံ့ပိုးရေးအဖွဲ့) ဟာ မြန်မာ စာနယ်ဇင်းသမားတွေ နဲ့ တွေ့ဆုံဆွေးနွေး၊ လေ့လာပြီးတဲ့နောက် မြန်မာပြည်မှာ ပဋိပက္ခသတင်းရေးတဲ့အခါ ဂရုစိုက်ရေးတတ်ဖို့ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေပေးမယ့် အစီအစဉ်ပေါ်ထွက်လာဖို့လို့ ဒေါ်သင်းသင်းအောင်က ရှင်းပြပါတယ်။

ဒီသင်တန်းအတွက် သင်ရိုးကို ပြည်တွင်းက အတွေ့အကြုံရှိတဲ့ အယ်ဒီတာအဆင့် လုပ်သက်ရင့် သတင်းထောက်အဆင့်တွေ အလုပ်ရုံဆွေးနွေးပွဲမှာ ကူညီရေးဆွဲထားကြတယ် လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013