မန္တလေးဆေးရုံက သံဃာလူနာ ၃၀ ကျော်ဆင်း၊ ၇၀ နီးပါးကျန်ရှိ
အေးနိုင်
·
December 5, 2012
လက်ပန်းတောင်းတောင် ကြေးနီသပိတ်စခန်း ဖြိုခွင်းတုန်းက အရေပြားလောင်ဒဏ်ရာတွေကြောင့် မန္တလေးဆေးရုံကြီးမှာ တက်ရောက်နေကြသူတွေထဲက သံဃာ ၃၂ ပါးနဲ့ လူ ၃ ဦးကို ပြင်ပလူနာအဖြစ်သာ ဆက်လက်ကုသဖို့ ဆေးရုံကနေ ဆင်းခွင့်ပြုလိုက်ပါတယ်။
သံဃာအားလုံးကို မုံရွာမြို့ ဇောတိကရာမကျောင်းကို ပို့လိုက်ပြီး ရွာသား ၃ ဦးကိုတော့ သူတို့ရွာကို ပို့လိုက်တယ်လို့ စောင့်ရှောက်ကူညီနေတဲ့ ဦးဆောင်သံဃာ ဦးသု ခေါ် ဦးဝိမလက မိန့်ပါတယ်။
လက်ပန်းတောင်းတောင် ကယ်တင်ရေးသံဃာတော်များအဖွဲ့ကို ဖွဲ့စည်းထားပြီး ဒဏ်ရာရသူတွေအတွက် လှူဒါန်းလိုသူတွေ ဆက်သွယ်ကူညီနိုင်တယ်လို့ ဦးဝိမလက မိန့်ပါတယ်။
ဒဏ်ရာရ သံဃာတော်တွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးဝိမလကို ဆက်သွယ်မေးမြန်းထားပါတယ်။
မနေ့က ကိုယ်တော်တချို့ ဒဏ်ရာသက်သာပြီး ဆေးရုံကဆင်းတယ်ကြားပါတယ်။ ဘယ်နှပါးလဲ ဘုရား။
“ဒဏ်ရာပျောက်ကင်းတယ်တော့ မဟုတ်ဘူး။ ဒဏ်ရာအနေအထားက ပြင်ပလူနာအဖြစ် သတ်မှတ်လို့ရတဲ့ အနေအထားဆိုတော့ ပြင်ပလူနာအဖြစ် စာရင်းသွင်းပြီးတော့ ၇ ရက် ရက်ချိန်းပေးလိုက်ပြီး အပြင်ကနေ ဆေးထည့်မယ်၊ ဆေးသောက်တာ လုပ်ရင် ပျောက်ကင်းသွားနိုင်ပါတယ်ဆိုပြီးတော့ ဆေးရုံအုပ်ကြီးနဲ့ တာဝန်ကျ ဆေးရုံဆရာဝန်တွေ အာမခံချက်ပေးလို့ ဦးဇင်းတို့ သံဃာတော်များကို ဇောတိကတိုက်ကို အပါး ၃၂ ပါး ပြန်ပို့လိုက်ပါတယ်။ လူ ၃ ယောက်ကိုလည်း ပို့တယ်။ လူရော သံဃာရော အားလုံးပေါင်း ၃၅။”
ကုသမှုနောက်ဆက်တွဲအခြေအနေ ဘယ်လိုရှိလဲ။ ဆေးတွေပေးလိုက်လား ဘုရား။
“သောက်ဆေး၊ လိမ်းဆေးပေးလိုက်တယ်။ နောက် ပြင်ပလူနာ စာရင်း စာအုပ်ပေးလိုက်ပါတယ်။”
မုံရွာဆေးရုံမှာ ဆက်ပြမှာပေါ့။
“ရောဂါအခြေအနေကိုကြည့်ပြီးတော့ မုံရွာမှာဆက်ပြရင်လည်း ပြမယ်။ ပေးလိုက်တဲ့ ဆေးကိုလည်း ဆက်လိမ်းသွားမယ်လို့တော့ မိန့်ခဲ့ပါတယ်။”
သံဃာတော်တွေ ဒဏ်ရာရတာနဲ့ ပတ်သက်ပြီး မှုခင်းဆရာဝန်ကြီးက တီဗွီမှာ ပြောသွားတာ သာမန်မီးလောင်ဒဏ်ရာလို့ ပြောသွားတော့ ဒါနဲ့ ပတ်သက်လို့ ဓာတ်ခွဲစမ်းသပ်မှုတွေ ဦးဇင်းတို့ သီးခြား စုံစမ်းစစ်ဆေးမှုတွေ၊ မှတ်တမ်းတင်တာတွေ ရှိလား။ အခြေအနေ ဘယ်လိုရှိပါလဲ ဘုရား။
“ဒါနဲ့ ပတ်သက်ပြီး မှုခင်းဆရာဝန်ကြီးက လက်ပန်းတောင်းတောင် မီးလောင်ခံရတဲ့ သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့ကို လာရောက် အကြောင်းကြားခြင်းမရှိပါဘူး။ ရိုးရိုးမီးလောင်ဒဏ်ရာလို့ ပြောတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးဇင်းတို့ကိုလည်း တိုက်ရိုက် လာရောက် ပြောတာမရှိပါဘူး။ သူတို့ကြေညာချက်ကိုလည်း အသိအမှတ်မပြုပါဘူး။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသိအမှတ်ပြုပေးလို့လည်း မရသေးဘူး။”
ဆေးရုံမှာ ကိုယ်တော် ဘယ်နှပါးကျန်သေးလဲ။
“အားလုံးပေါင်း ၆၄ ပါး ကျန်သေးတယ်။ မနေ့က ၂ ပါးထပ်ရောက်တော့ ၆၆ ပါး။”
ဒဏ်ရာအပြင်းထန်ဆုံးရတဲ့ ဦးသိက္ခဥာဏ ကိုယ်တော်ကြီးရော ထိုင်နိုင်၊ လမ်းလျှောက်နိုင်ပြီလား။
“လမ်းမလျှောက်နိုင်သေးဘူး။ ကုတင်ပေါ်မှာ ဒီတိုင်း တုံးလုံးနေရတဲ့ သဘောပေါ့။ သူက နိုင်ငံခြားထိ ဆေးကုသချင်တယ်လို့ ဦးဇင်းတို့ အဖွဲ့ကိုပြောတယ်။ ဒီတော့ ဗီဇာနဲ့ ပတ်စပို့က အရေးတကြီး လိုအပ်နေတယ်။ ဒါကြောင့် အဲဒါ ဆောင်ရွက်နေပါတယ်။”
သမ္မတ ဖွဲ့ပေးတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကရော ဦးဇင်းတို့ ဒဏ်ရာရသံဃာတော်တွေနဲ့ ဆက်သွယ်တာ၊ ကိုယ်တော်တွေရဲ့ ဒဏ်ရာတွေနဲ့ ပတ်သက်တဲ့ ဆေးမှတ်တမ်းတွေ လုပ်ပြီးပြီလား ဘုရား။
“ဦးဇင်းတို့ သံဃာတော် ၁၀ ပါး ဦးစီးပြီး လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကိစ္စမှာ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကတော့ လာရောက် ဆွေးနွေးခြင်း၊ တင်ပြခြင်း မရှိဘူး။ ကော်မရှင်က စစ်တယ်ဆိုတာကိုလည်း ဦးဇင်းတို့ကို တရားဝင်ပြောကြားခြင်းမရှိပါဘူး။”
မနေ့က မအေးနက်နဲ့ မသွဲ့သွဲ့ဝင်းက ဦးသိက္ခကို သတင်းသွားမေးတာကို ဆေးရုံအုပ်ကြီးက မောင်းထုတ်တယ်ကြားတယ်။ ဟုတ်ပါလား ဘုရား။
“သူက သံဃာတော်တွေကို လျှောက်ထားတယ်၊ ဘာလို့လဲဆိုတော့ လူတွေ ၀င်လိုက်ထွက်လိုက်ဆိုရင် လူတွေမှာပါလာတဲ့ ရောဂါပိုးမွှားအန္တရာယ် နည်းနည်းစိုးရိမ်ရတဲ့အတွက် လူအ၀င်အထွက် လုပ်တာ သတိထားဖို့ လူနည်းနည်းပဲ သွားလာဖို့ သတိပေးခဲ့ပါတယ်။”
၃၂ ပါးက မုံရွာပြန်ပြီပေါ့။
“၃၂ ပါးကတော့ မုံရွာမှာပဲ ကျောင်းတိုင်းအတွင်း ဆေးသောက်ဆေးလိမ်းလုပ်နေပါတယ်။ လူ ၃ ယောက်တော့ သူတို့ရွာကို ပြန်ပို့လိုက်ပါတယ်/ ဆန္ဒဖော်ထုတ်တဲ့ ရွာတွေကပါ။”
တခြား ဘာထူးသေးလဲဘုရား။
“ဦးဇင်းတို့ လက်ပန်းတောင်းတောင် ကယ်တင်ရေး သံဃာတော်များအဖွဲ့ ဖွဲ့ထားတာရှိပါတယ်။ ဦးဇင်းတို့ ဆေးရုံကြီးမှာရှိတဲ့ ဓမ္မာရုံကို တိုက်ရိုက် လာရောက်လှူဒါန်းဖို့ တိုက်တွန်းချင်တယ်။”