Home
မြန်မာသတင်း
ရေနံချောင်း မြေနုကျွန်း ခိုက်ရန်ဖြစ်လူသေဆုံးမှု တိုင်းအစိုးရက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
DVB
·
July 27, 2019
မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ မြေနုကျွန်းကိစ္စအငြင်းပွားပြီး ရွာ ၂ ရွာ ခိုက်ရန်ဖြစ်လို့ လူသေဆုံးခဲ့တဲ့ ကိစ္စကို စုံစမ်းစစ်ဆေးဖို့ တိုင်းအစိုးရက အဖွဲ့ဖွဲ့လိုက်ပါတယ်။ မနေ့ကလုပ်တဲ့ အဲဒီကိစ္စ သတင်းစာရှင်းလင်းပွဲအပြီးမှာ တိုင်း အလုပ်သမားဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ယောက်နဲ့ ဖွဲ့ပေးလိုက်တာပါ။ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနတို့က တိုင်းဦးစီးမှူးတွေနဲ့ ဖွဲ့လိုက်တာဖြစ်ပြီး ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းဖို့၊ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်၊ အကြံပြုချက်တွေကို သြဂုတ် ၅ ရက်နေ့အရောက် အမြန်ပြန်လည်တင်ပြဖို့ အကြောင်းကြားထားပါတယ်။ အဖွဲ့ဝင်တယောက်ဖြစ်တဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေ စစ်ဆေးရေးတိုင်းဦးစီးမှူး ဦးစန်းမြင့်က “အဖွဲ့က မနေ့ကမှ ဖွဲ့တာဆိုတော့ ကျနော်တို့ အစည်းအဝေးမလုပ်ရသေးဘူး။ ဒီနေ့ညနေမှာ တွေ့ကြမယ်။ ပြီးမှ ဘာတွေလုပ်မယ်ဆိုတာ ပြောလို့ရမှာပါ။ အဲဒီကိုသွားရမှာပေါ့” လို့ ပြောပါတယ်။ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက “မြေနုကျွန်း ကိစ္စတွေနဲ့ ပတ်သက်ပြီး တိုင်းဒေသကြီး အစိုးရအနေနဲ့ ဖြေရှင်းပေးနေတာလည်း ရှိပါတယ်။ မတူညီတဲ့ တိုင်းနှစ်ခု ခြားဆိုရင်တော့ နေပြည်တော်တင်ပြ ပြီးမှ ဆုံးဖြတ်ချက်ခံယူရတယ်။ မတူညီတဲ့ ခရိုင်ဆိုရင် ဥပမာ ချောက်မြို့နယ် မကွေးခရိုင်နဲ့ မင်းဘူးခရိုင် စလင်းတို့ဖြစ်တာမျိုးဆိုရင် တိုင်းအဆင့်က ဆင်းဖြေရှင်းရတယ်၊ ဖြေးရှင်းခဲ့တိုင်းမှာလည်း အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်တယ်၊ လူသတ်တဲ့ဖြတ်တဲ့ အဆင့်ထိအောင်တော့ မဖြစ်ခဲ့ဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ဇူလိုင် ၂၃ ရက်နေက ဖြစ်ပွားခဲ့တဲ့ မာန်ပြေ ကျေးရွာအုပ်စု ဖရဲကျွန်းကျေးရွာသားတွေနဲ့ ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ကန်သာကျေးရွာသားများ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဖရဲကျွန်းကျေးရွာဘက်က အလောင်း ၂၄ လောင်းနဲ့ ပျောက်ဆုံးနေသူ  ၁၄ ဦး ရှိပါတယ်။ ဖရဲကျွန်းကျေးရွာဘက်က အိမ်တက်ဖျက်ကြတုန်း တားဆီးခဲ့တဲ့ ကျမ်းကိုင်ကျွန်း ကျေးရွာသားတဦးဟာလည်း  အခင်းဖြစ်စဉ်မှာ ရရှိခဲ့တဲ့ ဦးခေါင်းဒဏ်ရာကြောင့် နေပြည်တော် ဆေးရုံမှာ သေဆုံးသွားတယ်လို့ ကျမ်းကိုင်ကျွန်း ကျေးရွာသား ကိုမောင်ဝင်းကပြောပါတယ်။ ဧရာဝတီမြစ်အတွင်းမှာရှိတဲ့ အဲဒီ မြေနုကျွန်းဟာ ဖရဲကျွန်းရွာနဲ့ ကျမ်းကိုင်းကျွန်းရွာအကြား တည်ရှိပါတယ်။ မြေနုကျွန်း ပိုင်ဆိုင်မှုကို လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းကစပြီး သက်ဆိုင်ရာက ပြေလည်အောင် မရှင်းပေးနိုင်တာကနေတဆင့် လူတွေသေတဲ့အထိ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024