ပြည်ပသို့ မြန်မာ့ဆန်တင်ပို့မှု ယမန်နှစ်ထက် လျော့ကျ
စိုးမိုးအောင်
·
July 26, 2019

နယ်စပ်ကနေ ဆန်တင်ပို့မှုကို တရုတ်နိုင်ငံက တားမြစ်ထားတာကြောင့် နိုင်ငံခြားကို မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ထက်ဝက်လောက်သာ တင်ပို့နိုင်သေးတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းထံက သိရပါတယ်။
မြန်မာနိုင်ငံက ထွက်တဲ့ ဆန်နဲ့ဆန်ကွဲကို တရုတ်နယ်စပ်ကနေတင်ပို့တဲ့အခါ တရုတ်ဘက်က ဖမ်းဆီး အရေးယူတာတွေလုပ်နေလို့ ပြည်ပကိုတင်ပို့တဲ့ ဆန်တန်ချိန်ဟာ အရင်နှစ်ထက်စာရင် လျှော့ကျခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က ပြည်ပကို ဆန်တန်ချိန် ၃ ဒသမ ၅သန်းကျော် စံချိန်တင် တင်ပို့နိုင်ခဲ့ပေမယ့် အခုဘဏ္ဍာနှစ် ၂၀၁၈ အောက်တိုဘာကနေ ၂၀၁၉ ဇွန်အထိ ဆန်တန်ချိန် ၁ ဒသမ၇ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး အရင်နှစ်ထက်စာရင် ပြည်ပကိုတင်ပို့မှု လျှော့ကျနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က ပြောပါတယ်။
အခုနှစ်ဘဏ္ဍာနှစ် ၉ လအတွင်းမှာ ဆန်တန်ချိန် ၁ ဒသမ ၄ သန်းကျော်နဲ့ ဆန်ကွဲတန်ချိန် ၃ ဒသမ ၄ သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၅၃၁ သန်းကျော် ရရှိထားပါတယ်။
ပင်လယ်ရေကြောင်းကနေ ဆန်တန်ချိန် ၁ ဒသမ ၁၉ သန်း အများဆုံးတင်ပို့ထားတာဖြစ်ပြီး နယ်စပ်ကနေ တန်ချိန် ၅ သိန်းကျော်သာ တင်ပို့နိုင်တာပါ။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာတော့ နယ်စပ်ကနေ တန်ချိန် ၁ ဒသမ ၈ သန်းကျော်အထိ ပင်လယ်ရေကြောင်းထက် ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းက ဆိုပါတယ်။
တရုတ်နယ်စပ်ကနေ အရင်လို ဆန်ဝယ်ယူတာမရှိတဲ့အတွက် ပြည်တွင်းမှာ ဈေးကွက်ကျသွားပြီး လယ်သမားတွေလည်း ထိခိုက်မှုရှိတယ်လို့ ဆန်ကုန်သည်တဦးဖြစ်တဲ့ ဒေါ်မြမြစန်းက ပြောပါတယ်။
မြန်မာနိုင်ငံက ဆန်ကို အခုနှစ်မှာ ပင်လယ်ရေကြောင်းကနေ တရုတ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကင်မရွန်နိုင်ငံနဲ့ အိုင်ဗရီကို့စ် စတဲ့ နိုင်ငံ ၅ နိုင်ငံက အများဆုံးဝယ်ယူနေပြီး ဆန်ကွဲကိုတော့ ဘယ်လ်ဂျီယံ၊ အင်ဒိုနီးရှား၊ တရုတ်၊ ယူကေနိုင်ငံတွေက အများဆုံးဝယ်ယူနေပါတယ်။
မြန်မာနိုင်ငံကထွက်တဲ့ ဆန်တန်ချိန် ၁ သိန်းကို အခုနှစ်အတွင်း အစိုးရအချင်းချင်း ချိတ်ဆက်တင်ပို့နိုင်အောင် MOU သဘောတူလက်မှတ်ထိုးဆောင်ရွက်နေပြီး တရုတ်နိုင်ငံကို ဆန်တင်ပို့ခွင့်ရထားတဲ့ ကုမ္ပဏီ ၁၁ ခုက တင်ပို့ခွင့်ရမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းက ဆိုပါတယ်။