ပြင်သစ် သုတေသနတူးဖော်ရေး လုပ်ငန်းတွင် ဒိုင်နိုဆောပေါင်ရိုးတချောင်း တူးဖော်တွေ့ရှိ

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်းက သုတေသနတူးဖော်ရေး လုပ်ငန်းခွင်တခုမှာ ကြီးမားတဲ့ ဒိုင်နိုဆောတကောင်ရဲ့ ပေါင်ရိုးတချောင်းကို အခုသီတင်းပတ်အတွင်း တူးဖော်တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်စာရင်းဝင် ဒိုင်နိုဆောမျိုးစိတ်တွေရဲ့ ရုပ်ကြွင်းတွေကို ပြင်သစ် ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက နိုင်ငံအနောက်တောင်ဘက်ဒေသမှာ ၂၀၁၀ ကတည်းက တူးဖော် ရှာဖွေနေကြတာပါ။ ၂ မီတာအရှည်ရှိတဲ့ အဲဒီပေါင်ရိုးဟာ လည်ပင်းနဲ့ အမြီးရှည် အပင်စား ဒိုင်နိုဆော အမျိုးအစားဖြစ်တဲ့ ဆိုရိုပေါ့တ်တကောင်ရဲ့အရိုး ဖြစ်တယ်လို့ အဲဒီပညာရှင်တွေက ယူဆပါတယ်။ ဆိုရိုပေါ့တ်တွေဟာ ဂျူရာဆစ်ခေတ်နှောင်းပိုင်း လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄၀ လောက်က ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တာပါ။ နှစ်ပေါင်းများစွာကြာအောင် အဲဒီအရိုးဟာ မပျက်ယွင်းဘဲ ရှိနေတဲ့ အခြေအနေကို တကယ်ပဲ အံအားသင့်ခဲ့ရတယ်လို့ ပါရီမြို့ အမျိုးသားသမိုင်းပြတိုက်က ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ရိုနန်အယ်လိမ်က ပြောပါတယ်။ သိပ္ပံပညာရှင်တွေဟာ ၂၀၁၀ ကတည်းက ပြင်သစ်နိုင်ငံ အနောက်တောင်ဘက် ကွန်ညက်ခ်မြို့နားမှာ တခြားတိရစ္ဆာန်မျိုးစိတ်ပေါင်း ၄၀ ကျော်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ၇၅၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ ဥရောပမှာ ပမာဏအများဆုံး ရှာဖွေမှုတခုလည်း ဖြစ်တယ်လို့ ရိုနန်အယ်လိမ်က ပြောပါတယ်။

More News
Up