စစ်ကိုင်းတိုင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်များကို ဝါဆိုသင်္ကန်းကပ်လှူ  

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အုတ်ကန်တောရစာသင်တိုက်မှာ ဒီနေ့မနက်က စစ်ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီဝင်တွေ၊ 5J Club နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ မျိုးဆက်သစ် အင်အားစုအဖွဲ့(မုံရွာ)တို့ စုပေါင်းကာ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေကို ပထမဆုံးအကြိမ် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ကြပါတယ်။ 5J Club အဖွဲ့ဝင် ကိုသားကြီးက "5J Club အနေနဲ့တော့ ရန်ကုန်မှာ ၃ ကြိမ်၊ မန္တလေးမှာ ၂ ကြိမ်နှင့် အခု မုံရွာမှာ ပထမဆုံးအကြိမ်ပြုလုပ်တာပါ။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသား ဟောင်းတွေက ထောင်က လွတ်လာပြီးနောက်ပိုင်းမှာ နေရာအနှံ့အပြားကွဲသွားကြတယ်။ 5J Club ရဲ့ အဓိက လုပ်ငန်းစဉ်ကိုက ကျန်းမာရေးမကောင်းတဲ့သူတွေကို ကျန်းမာရေး ကူညီစောင့်ရှောက်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်နေပါတယ်။ လူပုဂ္ဂိုလ်တွေက အကြောင်းအမျိုးမျိုးနဲ့ ပြန်ဆုံဆည်းကြပေမယ့် သံဃာတော်တွေကတော့တွေ့ဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း ဒီလိုလုပ်ရတာ” လို့ ပြောပါတယ်။ ဒီအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အစိုးရအဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးသန်းနှင့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အန်အယ်လ်ဒီ ပါတီဗဟိုမှ မုံရွာအောင်ရှင်နှင့် အန်အယ်လ်ဒီ ပါတီဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်သီတာဝင်းက“ကျမတို့တွေဟာ တိုင်းပြည်ရဲ့ အခက်အခဲတခုကို အတူတူကျော်လွှားခဲ့တယ်ဆိုတဲ့ ရည်ရွယ်ချက် ရင်ထဲမှာ အမြဲတမ်းရှိပါတယ်။ အဲဒီရည်ရွယ်ချက်ကို ဆက်လက် အကောင်အထည်ဖော်စေလိုတဲ့ ဆန္ဒကတော့ မူလအနှစ်ချုပ် ရည်ရွယ်ချက်ပါပဲ။ အာဏာရှင်စနစ်ကို အတူတူတိုက်ဖျက်ခဲ့သူတွေ တစုတစည်းထဲ ပြန်စုကြမယ်။ ချစ်ချစ်ခင်ခင် နွေးနွေးထွေးထွေး ပြောကြမယ်။ အတိတ်အကြောင်းတွေပြောကြ။ အနာဂတ် အတွက်ပုံဖော်ကြ။ အဲလိုပဲ အာဏာရှင်စနစ်ဘယ်တော့မှ ပြန်မလာရေးအတွက် ဒီလူတွေဟာ အမြဲလက်တွဲနေမယ်ဆိုတဲ့ သရုပ်က အဓိကပါ” လို့ ပြောပါတယ်။ ဒီအခမ်းအနားမှာ အုတ်ကန်တောရဆရာတော်ကြီးအမှုးပြုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်တွေကို ဝါဆိုသင်္ကန်းကပ်လှူတာအပြင် ခေတ်အဆက်ဆက် အာဏာရှင် စနစ်တိုက်ဖျက်ရေးမှာ အသက်သွေးချွေးစတေးခဲ့ရတဲ့ သူတွေအတွက်လည်း အမျှအတန်း ပေးဝေခဲ့ကြကာ ဆရာတော်သံဃာတော်တွေထံက သြဝါဒတွေကိုလည်းခံယူခဲ့ကြပါသေးတယ်။ နောက်နှစ်တွေမှာလည်း အခုလိုပဲ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up