Home
မြန်မာသတင်း
ယူအန်အိုဒီစီ ညွှန်ကြားရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ
DVB
·
December 4, 2012
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံး (ယူအန်အိုဒီစီ)   အမှုဆောင်ညွှန်ကြားရေးမှူး ယူရီဖက်ဒိုတော့ဗ်ဟာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ စနေနေ့က တွေ့ဆုံခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ လာဘ်စားမှုတိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးမှု တည်ထောင်ရေး၊ အိပ်ခ်ျအိုင်ဗွီ- အေအိုင်ဒီအက်စ် ကာကွယ်ကုသရေးနဲ့ မူးယစ်ဆေးဝါးထုတ်တဲ့ ပဋိပက္ခဒေသတွေမှာ ဖွံ့ဖြိုးမှုအကူအညီတွေ ပံ့ပိုးပေးပြီး ငြိမ်းချမ်းရေးတိုးတက်လာအောင် ဆောင်ရွက်တဲ့ ကိစ္စတွေမှာ  နည်းပညာ ကျွမ်းကျင်သူတွေ ကူညီပေးမယ်လို့ ယူအန်အိုဒီစီ အကြီးအကဲက ပြောကြားခဲ့တဲ့ အကြောင်း နေးရှင်းသတင်းစာမှာ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့  “ရှေ့ဆက်လုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိနေသေးတယ်၊ ပြီးတော့ အခုလို အပြောင်းအလဲကာလရဲ့ ခက်ခဲတဲ့ အချိန်တွေဟာ  အားရကျေနပ်နေရမယ့် အချိန်မဟုတ်သေးဘူး” လို့ ပြောကြောင်း ယူအန်အိုဒီစီ ညွှန်ကြားရေးမှူးက ပြောပါတယ်။ နောက်တခါ “သန့်ရှင်းယုံကြည်ရပြီးတော့ ထိရောက်မှုရှိတဲ့ အစိုးရ အဖွဲ့အစည်းဟာ  မြန်မာရဲ့ ရေရှည် ငြိမ်းချမ်း လုံခြုံတိုးတက်ရေးအတွက် အရေးပါတယ်ဆိုတာ နှစ်ယောက်စလုံးက အမြင်တူကြတယ်။ တရားဥပဒေစိုးမိုးရေးမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဘဲ မြန်မာနိုင်ငံသားတွေ တောင့်တတဲ့ လူမှုစီးပွား  တိုးတက်ဖွံ့ဖြိုးရေးဟာ လွယ်လွယ်နဲ့ရလာမှာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်အတွက် အဓိကကျတာကတော့  အကျင့်ပျက်ခြစားမှုကို ဆန့်ကျင်တဲ့  ကုလသမဂ္ဂ သဘောတူညီချက်ကို မြန်မာနိုင်ငံက လတ်မှတ်ရေးထိုးဖို့ပဲ ဖြစ်တယ်” လို့လည်း  ဖက်ဒိုတော့ဗ်က  ပြောပါတယ်။ ဖက်ဒိုတော့ဗ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးအပြီးမှာတော့ ဘိန်းစိုက်ပျိုးရေးနဲ့ စိတ်ကြွဆေး အဓိက ထုတ်လုပ်နေတဲ့ ရှမ်းပြည်နယ်ကိုလည်း သွားရောက်ခဲ့ပါတယ်။ ရှမ်းပြည်နယ် ၀န်ကြီးချုပ် စ၀်အောင်မြတ်နဲ့တွေ့ဆုံခဲ့သလို  ရှမ်းပြည်တပ်မတော် တောင်ပိုင်း ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က  စိုင်းဘောင်ခေးနှင့် အဖွဲ့ကိုလည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ပန်လျန်း ကျေးရွာ ဘုန်းတော်ကြီး ကျောင်းမှာ ဒေသခံတွေနဲ့ တွေ့ဆုံပြီးတော့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ အစားထိုး သီးနှံစိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ ဖက်ဒိုတော့ဗ်ဟာ အရှေ့တောင်အာရှ ၅ နိုင်ငံကို ၁၂ ရက်ကြာ ခရီးလှည့်လည်နေရာမှာ  ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံကို လာရောက်ခဲ့တာပါ။ မြန်မာခရီးစဉ်အပြီးမှာ ဗီယက်နမ်၊ လာအို၊ အင်ဒိုနီးရှား နိုင်ငံတွေကို ဆက်လက်သွားရောက် လေ့လာဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ စိတ်ကြွဆေး အများဆုံးထုတ်လုပ်သလို အာဖဂန်နစ္စတန်ပြီးရင် ဒုတိယမြောက် ဘိန်းအများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံဖြစ်တယ်လို့ ယူအန်အိုဒီစီရဲ့ နှစ်ပတ်လည်အစီရင်ခံစာတွေမှာ ဖော်ပြလေ့ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024