DVB Logo
Home
မြန်မာသတင်း
တော်ဝင်သစ်စက်အလုပ်သမားများ ဆန္ဒပြမှု ထပ်မံဖြစ်ပွား
DVB
·
December 4, 2012
Donate to DVB

ရွှေပြည်သာမြို့နယ်က တော်ဝင်သစ်အချောထည်စက်ရုံမှာ အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာအပေါ် ခုံရုံးဆုံဖြတ်ချက်ကို အလုပ်ရှင်ဘက်က လိုက်လျောလာအောင် ဖိအားပေးမှုအဖြစ် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်  ၈ မိုင်မှာရှိတဲ့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြပွဲကို အရှိန်မြှင့်လိုက်ပါတယ်။

အောက်တိုဘာလကတည်းကစလို့ ရွှေပြည်သာမြို့နယ် သစ်ချောထည်စက်ရုံက အလုပ်ရှင်နဲ့ အလုပ်သမားအကြား ပြဿနာဟာ အစိုးရ အလုပ်သမားရုံးအဆင့်ဆင့်ကို ရောက်ရှိ ဆုံးဖြတ်ပြီးဖြစ်ပေမယ့် အလုပ်ရှင်ဘက်က အဲဒီဆုံးဖြတ်ချက်ကို အကောင်အထည် မဖော်တာကြောင့် ဆန္ဒပြပွဲထပ်ဖြစ်လာတာပါ။

ဒီစက်ရုံမှာ အောက်တိုဘာကစလို့ ဆန္ဒပြကြရာမှာ အလုပ်သမားဖျန်ဖြေရေးရုံးက အလုပ်သမားတွေကို လုပ်ငန်းခွင် ပြန်ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ပါတယ်။ ဒါပေမယ့် အလုပ်ရှင်ဘက်ကလည်း ဆောက်လုပ်ရေး လုပ်ငန်းခွင်ဆိုရင် ပေးဝင်နိုင်ပေမယ့် သစ်အချောထည်အလုပ်မှာ လူသိပ်မလိုဘူးဆိုပြီး ၀င်လုပ်ခွင့်ပေးဖို့ ငြင်းဆန်ပါတယ်။

ဒါနဲ့ နိုဝင်ဘာ ၂၆ ရက်မှာ အလုင်သမားခုံသမာဓိရုံးကို ထပ်ရောက်တော့လည်း အလုပ်သမားတွေကို လုပ်ငန်းခွင်ဝင်ခွင့်ပေးဖို့ ထပ်ဆုံးဖြတ်သလို အလုပ်ရှင်ဘက်ကလည်း အလားတူ ၀င်လုပ်ခွင့်ပေးဖို့ ငြင်းဆန်နေတာပါ။

ဒါကြောင့်  အင်းစိန်မြို့နယ်မှာအခြေပြုတဲ့ ရွှေပြည်သာ အလုပ်သမားရုံးကို သွားရောက်ကြပြီး ခုံရုံးဆုံးဖြတ်ချက်တွေကို အလုပ်ရှင်ဘက်က လိုက်နာအောင် ကြပ်မတ်ပေးဖို့ မနေ့ကရော ဒီနေ့ပါ အလုပ်သမားတွေစုပြီး တောင်းဆိုကြပါတယ်။

ဒီနေ့ မွန်းတည့်ပိုင်းမှာ အလုပ်သမား ၂၀၀ လောက်က အင်းစိန်မြို့နယ်ကနေ မရမ်းကုန်းမြို့နယ် ၈ မိုင်မှာရှိတဲ့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနရုံးရှိရာကို ၂ နာရီကျော်ကြာ လမ်းလျှောက်ချီတက်ခဲ့ကြပြီး သူတို့ကို လုပ်ငန်းခွင်ပေးမ၀င်ရင် နစ်နာကြေးရလိုမှုကိစ္စကို တောင်းဆိုကြပါတယ်။

လမ်းတလျှောက် ချီတက်ရာမှာ ရဲက လမ်းလျှောက်ချီတက်ခြင်းမပြုဖို့ သတိပေးပေမယ့် တစုံတရာအခက်အခဲမရှိဘဲ ၈ မိုင်ရုံးကို ရောက်ခဲ့ကြပါတယ်။

အလုပ်သမားခေါင်းဆောင်တဦးဖြစ်တဲ့ မအိဇာဖြူက “အလုပ်ရှင်ဟာ အလုပ်သမားတွေကို ထုတ်ပယ်မယ်ဆိုရင် နစ်နာကြေးပေးဖို့ကိစ္စနဲ့ မထုတ်ပယ်ရင် အလုပ်တွင်းပြန်လည်ဝင်ရောက် ခွင့်ပြုရမယ့်ကိစ္စ တခုခုကို လိုက်နာဖို့နဲ့ ဆုံးဖြတ်ပေးဖို့ တောင်းဆိုတာပါ” လို့ ပြောပါတယ်။

“ဘယ်လိုဖြစ်နေလဲဆိုတော့ တရားဥပဒေစိုးမိုးရေးက အလုပ်သမားတွေ ဘက်မှာတော့ရှိတယ်။ အလုပ်ရှင်ဘက်မှာ ဥပဒေစိုးမိုးရေးမရှိဘူး။ အလုပ်သမားတွေ ကိုကျတော့ ပုဒ်မတွေ တခုပြီးတခု တပ်တယ်။ တခုပြီးတခု အတားအဆီးတွေ လုပ်တယ်။ အလုပ်သမားဝန်ကြီးဌာနကလည်း အလုပ်ရှင်ဘက်မှာပဲရှိတယ်။ အာဏာပိုင်တွေကလည်း အလုပ်ရှင်ဘက်မှာပဲရှိတယ်။ ဘာတခုမှ အလုပ်သမားဘက်မှာမရှိဘူး။ အဲဒီအတွက် ဖြေရှင်းပေးနိုင်မယ့်ဆီကိုလာမယ်။ ဒီတခါ စာချုပ်စာတမ်းတွေမလိုဘူး၊ လုံးဝဖြေရှင်းပေးနိုင်မယ့်လူလာ၊ လက်ဆုပ်လက်ကိုင်ပြနိုင်မယ့်လူလာ၊ သူကအတိအကျဖြေရှင်းပေးမှာလား၊ အတိအကျလုပ်ပေးနိုင်မှာလား၊ အဲလိုလူမျိုးကိုပဲ ကျမတို့လက်ခံမယ်” လို့ ပြောပါတယ်။

နေ့ခင်း ၃ နာရီခန့်မှာတော့ အလုပ်သမားခေါင်းဆောင်တွေဟာ ရုံးခန်းတွင်းကို ၀င်ရောက်ကြရာမှာ အလုပ်သမားညွှန်ကြားရေးမှူးချုပ်လည်းမရှိ၊ တိုင်းဦးစီးမှူးလည်းမရှိဘဲ ခုံသမာဓိရုံးမှာ ဒီကိစ္စ အစည်းအဝေးလုပ်နေတယ်လို့ ရုံးတာဝန်ရှိသူတဦးက ဖြေကြားတဲ့အတွက် ပြန်အလာအဖြေကို စောင့်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013