Home
မြန်မာသတင်း
မန္တ​လေးတက္ကသိုလ်ဘောလုံးကွင်းငှားမည့်ကိစ္စ ကျောင်းသားထုသဘောမတူပါက အပြင်းအထန် ကန့်ကွက်မည်
DVB
·
July 25, 2019
မန္တ​လေး တက္ကသိုလ်ဘောလုံးကွင်းကို ပုဂ္ဂလိက ကုမ္ပဏီအား ငှားရမ်းမယ့်ကိစ္စ ကျောင်းသားထု သဘောမတူပါက ပြင်းပြင်းထန်ထန်ကန့်ကွက်မယ်လို့  မန္တ​လေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌက ပြောပါတယ်။ မန္တ​လေးတက္ကသိုလ် ဘောလုံးကွင်းကို မန္တ​လေးတက္ကသိုလ်နဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားထုတွေ့ဆုံပွဲကို မန္တ​လေး တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရုံးခန်းမှာ ဇူလိုင်လ၂၄ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ ဘောလုံးကွင်းကို နှစ် ၃၀ ငှားရမ်းမှာဖြစ်ပြီး ပထမအဆင့်ပြန်လည် ပြုပြင်တည်ဆောက်ရာ မှာ ကုန်ကျစာရိတ်ကို ကုမ္ပဏီဘက်က ကျခံမယ်လို့ သိရပါတယ်။ စာချုပ်ကို သဘောတူချုပ်ဆိုပြီးပါက ကနဦး ၁၀ နှစ်ကို ကုမ္ပဏီ နဲ့ တက္ကသိုလ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ဝင်ငွေကိုတော့ ကုမ္ပဏီဘက်က ၇၀ ရာခိုင်နှုန်း၊ တက္ကသိုလ်ဘက်က ၃၀ ရာခိုင်နှုန်း ခွဲဝေရယူမယ်လို့ သိရပါတယ်။ ကနဦး အကျိုးတူ ၁၀ နှစ်ပြီးဆုံးပါက နှစ် ၂၀ သက်တမ်းကို ကုမ္ပဏီဘက်က မူလ သဘောတူညီထားတဲ့ နှုန်းထားတွေအတိုင်း ဆက်လက်ငှားရမ်းအသုံးပြုမယ်လို့ သိရပါတယ်။ စာချုပ် ချုပ်ဆိုပြီးတဲ့နောက် တက္ကသိုလ်ကျောင်းသားတွေအတွက် ဘောလုံးကွင်း အသုံးပြုချိန်ဟာ မနက်ပိုင်းမှာ ၆ နာရီ ကနေ ၈ နာရီအထိ၊ ညနေပိုင်းမှာ ၃ နာရီ ကနေ ၅ နာရီ အထိဖြစ်ပြီး ကွင်းအသုံးပြုမယ်ဆိုပါက ၁ ရက်ကြိုတင် စာရင်းသွင်းရမယ်လို့ စာချုပ်စည်းကမ်းချက် အတွင်း ပါရှိကြောင်း သိရပါတယ်။ မန္တ​လေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ မယမင်းသူက “အခုလို ငှားရမ်းမယ့်ကိစ္စ ကို တက္ကသိုလ်တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ မေလအတွင်း အဆင့်မြင့်ပညာ ညွှန်ကြားမှုဦးစီးဌာနကို တင်ပြခဲ့ကြောင်း၊ အ.ဆ.ည ကနေ ဆရာများသမဂ္ဂနဲ့ ကျောင်းသားသမဂ္ဂရဲ့ သဘောထား မှတ်ချက်ကို ပြန်လည်ရယူဖို့ ညွှန်ကြားတဲ့အတွက် အခုလို ကျောင်းသားတွေရဲ့ သဘောထားကို ရယူတာ”လို့ ပြောပါတယ်။ ကျောင်းသားထု ဆွေးနွေးတိုင်ပင်ပြီးတဲ့နောက် သဘောထားထုတ်ပြန်မှာဖြစ်ပြီး ကျောင်းသားထု သဘောမတူပါက ပြင်းပြင်းထန်ထန်ကန့်ကွက်မယ်လို့ ဆိုပါတယ်။ ငှားရမ်းဖို့ချုပ်ဆိုမယ့် စာချုပ်မှာ တက္ကသိုလ်ဘက်က နစ်နာနေတဲ့အပြင် ကျောင်းသားထုရဲ့ အခွင့်အရေး ဆုံးရှုံးတာများပြားတဲ့အတွက် ငှားရမ်းမယ့်ကိစ္စကို သဘောမတူဘူးလို့ မန္တ​လေးတက္ကသိုလ် မဟာတန်းကျောင်းသား ကိုစံမြတ်ထွန်းက ပြောပါတယ်။ ကျောင်းပိုင်ပစ္စည်းကို ပုဂ္ဂလိကကို ငှားရမ်းတာဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ပြီး ဘောလုံးကွင်းကို ပြင်ဆင်ဖို့ လိုအပ်ပါက တက္ကသိုလ်ကသာ ပြင်ဆင်သင့်တယ်လို့ ကျောင်းသားတွေက ပြောပါတယ်။ စာချုပ်စည်းကမ်းမှာပါတဲ့ ကျောင်းသားတွေအတွက် ကစားချိန်ဟာ အလွန်နည်းပါးတယ်လို့ ကျောင်းသားတွေက ဆိုပါတယ်။ သာမန်အခြေအနေမှာတောင် ကျောင်းလုံခြုံရေးကို စိုးရိမ်နေ ရတာဖြစ်ပြီး အပြင်လူတွေ ဝင်လာပါက ကျောင်းလုံခြုံရေးဟာ အထူးစိုးရိမ်ရဖွယ်ရှိတယ်လို့ ပြောပါတယ်။ ဒီဘောလုံးကွင်းဟာ မန္တ​လေးတက္ကသိုလ် ကျောင်းသားတွေတင်မကပဲ အခြား တက္ကသိုလ်တွေက ကျောင်းသားတွေပါ လာရောက်ကစားကြတာဖြစ်တဲ့အတွက် ပုဂ္ဂလိက ကုမ္ပဏီကို ငှားရမ်းလိုက်ပါက လုံးဝအဆင်ပြေလာနိုင်ဖွယ်မရှိဘူးလို့ ဂုဏ်ထူးတန်း ကျောင်းသား ကိုဟိန်းမင်းထက် က ပြောပါတယ်။ ဒါ့အပြင် အငှားချထားတဲ့ ဘောလုံးကွင်းအတွင်း အဖျက်အနှောင့် ပြုလုပ်မယ့် အဖွဲ့တွေ၊ မတရားအသင်းအဖွဲ့တွေ မရှိစေဖို့ မန္တလေးတက္ကသိုလ်က တာဝန်ယူရမှာ ဖြစ်ပြီး ဘောလုံးကွင်း အတွင်း ပညာရေးဝန်ကြီးဌာန၊ မန္တလေးတက္ကသိုလ်ဘောလုံးအဖွဲ့ချုပ်နဲ့ သက်ဆိုင်တဲ့ အားကစားပွဲ တွေ၊ ဘောလုံးပွဲတွေ ကျင်းပနိုင်ဖို့ကို ကုမ္ပဏီရဲ့ လုပ်ငန်းစဉ်တွေနဲ့ တိုက်ဆိုင်မှုမရှိမှသာ အခမဲ့သုံးစွဲခွင့်ရှိမှာ ဖြစ်တယ်လို့ စာချုပ်စည်းကမ်းချက်မှာ ဖော်ပြထားပါတယ်။ ဒီ သဘောတူစာချုပ်ကိုတော့ ဩဂုတ် ၂၅ ရက်မှာ သဘောတူလက်မှတ်ရေးထိုးမယ်လို့ စာချုပ်မှာ ဖော်ပြထားပါတယ်။ အခုလိုငှားရမ်းမယ့်ကိစ္စကို မန္တ​လေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက အွန်လိုင်းကနေ သဘောထားကောက်ခံရာမှာ တက္ကသိုလ်ကျောင်းသားအများစုနဲ့ ကျောင်းသားဟောင်း အများစု ကပါ သဘောမတူကြဘူးလို့ မန္တ​လေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂက သိရပါတယ်။ ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024