DVB Logo
Home
မြန်မာသတင်း
စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း
DVB
·
December 4, 2012
စုံစမ်းစစ်ဆေးရေး ကော်မရှင် ပြင်ဆင်ဖွဲ့စည်း
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ စပ်လျဉ်းပြီး ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်မသင့်အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့   စုံစမ်းစစ်ဆေးရေးကော်မရှင်ကို သမ္မတက ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ပါတယ်။

ဒီစီမံကိန်းနဲ့ပတ်သက်လို့ ဆန္ဒပြပွဲတွေ လနဲ့ချီဖြစ်ပွားပြီး သပိတ်စခန်းတွေ ဖွင့်လှစ်နေချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဆေးဖို့ လွှတ်တော်မှာ နိုဝင်ဘာလကုန်ပိုင်းက အရေးကြီးအဆို တင်သွင်းတာကို လွှတ်တော်က အတည်ပြုပြီးနောက် သမ္မတက ဖွဲ့စည်းတာဝန်ပေးတာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ ထုတ်ပြန်တဲ့ သမ္မတရဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားတာဖြစ်ပြီး ဒီကော်မရှင်ဟာ ဒီဇင်ဘာ ၁ ရက်နေ့က ဖွဲ့စည်းပေးခဲ့တဲ့ အဖွဲ့ဝင် ၃၀ ပါ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းပေးတာဖြစ်ကြောင်းနဲ့ ဒီဇင်ဘာ ၁ ရက် အမိန့်ကြော်ငြာစာကို လွှမ်းမိုးတယ်လို့ ပါရှိပါတယ်။

ဒီဇင်ဘာ ၁ ရက်က ဖွဲ့စည်းတဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဟာ အဖွဲ့ဝင် ၃၀ ဦးရှိပြီး အခု ပြင်ဆင်ဖွဲ့စည်းတဲ့ ကော်မရှင်ကတော့ အဖွဲ့ဝင် ၁၆ ဦး ပါရှိပါတယ်။

ကော်မရှင်ခေါင်းဆောင်အဖြစ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ပြန်လည် တာဝန်ပေးအပ်ခဲ့ပြီး လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ တခြားလွှတ်တော်ကိုယ်စားလှယ် ၃ ဦး၊ သတ္တုတွင်း ဦးစီးဌာန ညွှန်ချုပ် ဦးဝင်းထိန်၊ ကြေးတိုင်နဲ့ မြေစာရင်းဦးစီးဌာနညွှန်ချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုညွှန်ချုပ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဦးစီးဌာနညွှန်ချုပ်၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဗိုလ်မှူးကြီး အောင်သန်း၊ ကျောက်မျက်ကျေးရွာအုပ်စု ကံကုန်းရွာသား ဦးဗိုလ်သန်း၊ ရွာရှည်ကျေးရွာအုပ်စု ၀က်မှေးရွာသား ဦးအောင်ဇော်ဦး၊ တုံကျေးရွာအုပ်စု တုံရွာမ ရွာသား ဦးဘိုဌေး၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးကျော်တင့်ဆွေတို့ ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်ရှင်ရဲ့ လုပ်ဆောင်ရမယ့် တာဝန်နဲ့ ပတ်သက်လို့လည်း အနည်းငယ် အပြောင်းအလဲရှိပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ အမိန့်တုန်းက စုံစမ်းရေးကော်မရှင်သည် ဖြစ်စဉ်ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့နဲ့ ဥပဒေစိုးမိုးရေးနဲ့ အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမယ်လို့ တာဝန်ပေးထားပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ အမိန့်မှာတော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဖြစ်ရပ်မှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်နဲ့ ဥပဒေစိုးမိုးရေးအတွက် သုံးသပ်ချက်နှင့်တကွ အကြံပြုတင်ပြရမယ်လို့ ပြောင်းလဲထားပြီး အမျိုးသားအကျိုးစီးပွားတိုးတက်စေရေးအတွက် ဆိုတဲ့စာသား ဖြုတ်ထားခဲ့တာ တွေ့ရပါတယ်။

ဒီဇင်ဘာ ၁ ရက်ထုတ် အမိန့်တုန်းက ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုးရှိ၊ မရှိ ဆိုတဲ့အပိုဒ်အစား ဒီဇင်ဘာ ၃ ရက်ထုတ် အမိန့်မှာ ကြေးနီစီမံကိန်း ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အကျိုးရှိ၊ မရှိ ဆိုတာ စုံစမ်းဖော်ထုတ်ပေးရမယ်လို့ ပြောင်းလဲထားပါတယ်။

ဒီဇင်ဘာ ၁ ရက်ထုတ် အမိန့်တုန်းက ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်၊ မသင့်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်၊ မသင့် ဆိုတဲ့ ကိစ္စကိုတော့ ဒီဇင်ဘာ ၃ ရက်ထုတ် အမိန့်မှာ ထည့်သွင်းထားခြင်း မရှိတော့ဘဲ ဖြုတ်လိုက်ပါတယ်။

ဒီဇင်ဘာ ၁ ရက်ထုတ် အမိန့်မှာပါရှိခဲ့တဲ့ ကော်မရှင်တာဝန်တွေထဲက ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရတဲ့ အကြောင်းရင်းများ စုံစမ်းရေးနဲ့ ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနဲ့ ဆန္ဒဖော်ထုတ်တဲ့ သံဃာတော်များ ထိခိုက်ဒဏ်ရာရတဲ့အပေါ် သုံးသပ်ချက်ရေးပေးဖို့ တာဝန် ၂ ခုကိုတော့ ဒီဇင်ဘာ ၃ ရက်ထုတ် အမိန့်မှာ တာဝန်ပေးအပ်ခြင်းမရှိတော့ဘဲ ဖြုတ်ထားခဲ့ပါတယ်။

ကျန်အချက်တွေမှာတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းစဉ် အုပ်ချုပ်ရေးကိစ္စကို သမ္မတရုံးဝန်ကြီး ဦးလှထွန်းက တာဝန်ခံပြီး နိုင်ငံတော်သမ္မတရုံးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့တို့က ဖြည့်ဆည်းရမယ်ဆိုတဲ့ အပိုဒ်အစား အမိန့်အသစ်မှာ ဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေဟာ စုံစမ်းရေးကော်မရှင်ရဲ့ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ ၀ါကျတကြောင်းကို ထပ်မံတိုးထားပါတယ်။

ဒါ့အပြင် အမိန့်အဟောင်းမှာ မပါရှိတဲ့ စုံစမ်းရေးကော်မရှင်ဟာ လိုအပ်ရင် လုပ်ငန်းကျွမ်းကျင်သူတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေကို နိုင်ငံတော်သမ္မတရုံးရဲ့ စီစဉ်ပေးမှုနဲ့ တာဝန်ပေးအပ်နိုင်တယ်ဆိုတဲ့ အချက်ကို အမိန့်အသစ်မှာ ထပ်တိုးထားပါတယ်။

ကနဦးအမိန့်မှာပါတဲ့ ကော်မရှင်ရဲ့ အစီရင်ခံစာကို ဇန်န၀ါရီ ၃၁ ရက်အရောက် သမ္မတထံ တင်ပြရမယ့်အစား ဇန်န၀ါရီ ၃၁ ရက်နေ့အရောက် ကြားဖြတ်အစီရင်ခံစာ တင်ပြပြီး အဲဒီအစီရင်ခံစာအပေါ်မူတည်ပြီး ဆက်လက်ဆောင်ရွက်ရမယ်လို့ ပြောင်းလဲထားပါတယ်။

အခုစုံစမ်းစစ်ဆေးမယ့် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာ့စီးပွားရေးဦးပိုင်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ ဖက်စပ်လုပ်နေတဲ့စီမံကိန်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းက စီမံကိန်းရပ်ဖို့ ဆန္ဒပြတဲ့သပိတ်စခန်းဖြိုခွင်းမှုမှာ သံဃာအပါး ၁၀၀ ကျော် အရေပြားလောင်ကျွမ်းတဲ့ ဒဏ်ရာတွေရပြီး ဆေးရုံတက် ကုသနေကြရဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013