DVB Logo
Home
မြန်မာသတင်း
တော်ဝင်သစ်စက်ရုံ အလုပ်သမားများ ထပ်မံဆန္ဒပြ
DVB
·
December 3, 2012
Donate to DVB

ရန်ကုန်တိုင်း ရွှေပြည်သာမြို့ နယ် ၀ါးတရာစက်မှုဇုန်မှာရှိတဲ့  တော်ဝင်မိသားစု သစ်စက်က အလုပ်သမားတွေဟာ အလုပ်ပြန်ဆင်းခွင့်အပါအ၀င် နစ်နာချက်တွေ ပြန်ရအောင် ဆောင်ရွက်ပေးဖို့ ဒီနေ့မနက်က ရွှေပြည်သာမြို့နယ် အလုပ်သမားရုံးကို  သွားရောက် ဆန္ဒပြတောင်းဆိုပါတယ်။

အလုပ်သမားတွေဟာ ခုံသမာဓိရုံး ဆုံးဖြတ်ချက်အရ အလုပ်ပြန်ဆင်းရာမှာ အလုပ်ရှင်က ဆင်းခွင့်မပေးတဲ့အတွက် ဒီကိစ္စကိုင်တွယ်ဖြေရှင်းပေးဖို့ မြို့နယ်အလုပ်သမားရုံးကို သွားရောက် ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြအလုပ်သမား ၂၀၀ ကျော်ဟာ  ဒီနေ့ မနက် ၁၀ နာရီလောက်ကစပြီး  တော်ဝင် သစ်စက်ရှေ့ကနေ ရွှေပြည်သာ အလုပ်သမားရုံးရှေ့အထိ သွားရောက်တောင်းဆို ဆန္ဒကြရာမှာ ရဲလုံခြုံရေးတပ်ဖွဲ့တွေက အလုပ်သမားရုံးရှိရာ လမ်းထဲ ၀င်ခွင့်မပေးဘဲ ပိတ်ပင်ထားမြစ်ခဲ့တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုနေလင်းဦးက ပြောပါတယ်။

“ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်ကို လုပ်ငန်းရှင်ဘက်က မလိုက်နာသလို မြို့နယ်ဦးစီးအရာရှိတွေကလည်း လာရောက်ဖြေရှင်းပေးခြင်းမရှိလို့ သူတို့ရှိတဲ့နေရာကို လာရတာပါ။ ကျနော်တို့အခု လုပ်ငန်းခွင်ထဲ ပြန်ဝင်ရောက်လို့ မရသေးတာရယ်။ ခုံသမာဓိကောင်စီကို အကောင်အထည်ဖော်ပေးဖို့ရယ်။ အလုပ်သမားနစ်နာမှုတွေကို ဖြေရှင်းပေးဖို့ရယ်ကို အဓိက တောင်းဆိုပါတယ်။ အလုပ်သမားရုံးထဲ ၀င်တော့လည်း ကျနော်တို့ကို ၀င်ခွင့်မပေးဘဲ လမ်းဘေးမှာ ထိုင်နေရပါတယ်။ ရဲတွေနဲ့ ပိတ်ထားတယ်။ ကျနော်တို့ကို လုံး၀၀င်ခွင့်မပေးဘူး။”

တော်ဝင်သစ်အချောထည်စက်ရုံ အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ အလုပ်သမား အခွင့်အရေးများအတွက် အောက်တိုဘာလလောက်ကစပြီး တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၆ ရက်နေ့မှာ အလုပ်ရှင်၊ အလုပ်သမားအကြား ကြားဝင်ဖျန်ဖြေပေးတဲ့ ခုံသမာဓိကောင်စီက အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို လိုက်လျောဖို့ ဆုံးဖြတ်ပေးခဲ့တာပါ။

ဆုံးဖြတ်ချက်တွေထဲမှာ အလုပ်သမားတွေ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေး၊ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ အပြင်လုပ်ငန်းခွင်တွေကို ပြောင်းရွှေ့မခိုင်းဖို့၊ လူမူဖူလုံရေးကတ် ပြုလုပ်ပေးဖို့၊ အလုပ်သမားစာချုပ် ချုပ်ဆိုရေး စတဲ့အချက်တွေ ပါဝင်ပါတယ်။

တော်ဝင်မိသားစု သစ်စက် ဒါရိုက်တာ ဦးညွန့်သိန်းကတော့ ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ဟာ အလုပ်ရှင်တင်ပြထားတဲ့ အချက်အလက်တွေကို လျစ်လျူရှု ချမှတ်ခဲ့တာဖြစ်ပြီး ဒီအလုပ်သမားတွေကို တော်ဝင်ကုမ္ပဏီရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ပြန်ခန့်နိုင်ပေမယ့် သစ်အချောထည်စက်ရုံမှာ အလုပ်ပြန်ခန့်ဖို့က ကုမ္ပဏီအနေနဲ့ အခက်အခဲရှိတယ်လို့  ပြောပါတယ်။

“အဓိကက တည်ဆောက်ရေးသမား တည်ဆောက်ရေးမှာ သွားမဆင်းဘဲ ဒီမှာလာဆင်းနေတော့ ပြဿနာရှိတာပေါ့။ ကျနော်တို့ဆီမှာ လက်ခံဖို့ သိပ်မလွယ်ဘူးလေ။ နဂိုထဲကလည်း စက်ရုံအနေနဲ့က လူအင်အား အဲလောက် မလိုဘူးလေ။ ခုံသမာဓိဆုံးဖြတ်ချက်အနေနဲ့က ကျနော်တို့မှာ တင်ပြထားတဲ့ အကြောင်းအရာတွေ ရှိတယ်။ ခိုင်လုံတဲ့အကြောင်းအချက်တွေ တင်ပြထားတယ်လေ။ ဒါတွေကို လျစ်လျူရှုပြီး ဒီမှာပဲ ဆင်းပါဆိုတာက ကျနော်တို့အတွက် အဆင်မပြေဘူးလေ။ မပြေဘူးဆိုတာက ကျနော်တို့ဆီမှာလည်း ဒီလောက် လူမလိုဘူးလေ။ ဒီလောက်လည်း လူမရှိဘူး။ ဟိုကပို့ထားတဲ့လူကို ခဏထိန်းထားတဲ့ သဘောပဲ။ ဒါကို ပြန်ပြီး မသွားဘူးဆိုတော့ ဘယ်လိုမှ လုပ်လို့ ဆက်ထိန်းထားလို့ မရဘူးလေ။”

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ Action Labour Right အဖွဲ့ဝင် ကိုကျော်မင်းက ခုံသမာဓိရုံးရဲ့ ဆုံးဖြတ်ချက်ကို အလုပ်ရှင်က မလိုက်နာတာဟာ ဥပဒေချိုး ဖောက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါက ခုံရုံးကတောင် ဆုံးဖြတ်လိုက်ပြီ။ ဒီလူတွေက စက်ရုံလုပ်သားတွေလား၊ ဆောက်လုပ်ရေးဆိုဒ်က လူတွေလားဆိုတာကို ခုံရုံးကနေ နိုဝင်ဘာ ၆ ရက်မှာ တကြိမ်၊ ၂၆ ရက်မှာ တကြိမ်၊ ၂၇ ရက်မှာ တကြိမ် လိုက်နာရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီးပြီ။ အလုပ်သမားတွေကို လုပ်ငန်းခွင်ထဲ ပေးဝင်ရမယ်ဆိုတာ ဥပဒေအရ ဆုံးဖြတ်ချက်ချပြီးသား။ အခု အလုပ်သမားတွေကတောင် ဒုက္ခတွေခံပြီးတော့ လိုက်နာတာ။ အလုပ်ရှင်ဘက်က မလိုက်နာဘူးဆိုတော့ ဒါဟာ ဥပဒေကို အရင် ချိုးဖောက်ပြနေတာပါ။”

အလုပ်သမားတွေကတော့ ဒီပြဿနာကို တာဝန်ယူဖြေရှင်းပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပြီး အရေးယူဆောင်ရွက်ပေးလာတဲ့အထိ သပိတ်စခန်းဖွင့်ပြီး ဆက်လက် ဆန္ဒပြဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013