DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံရသည့် အရှင်ဂမ္ဘီရ (ခေါ်) ဦးညီညီလွင်၏ ကျန်းမာရေး မိသားစုများ စိုးရိမ်
DVB
·
December 3, 2012
ဖမ်းဆီးခံရသည့် အရှင်ဂမ္ဘီရ (ခေါ်) ဦးညီညီလွင်၏ ကျန်းမာရေး မိသားစုများ စိုးရိမ်
Donate to DVB

ဒီဇင်ဘာလ ၂ ရက်နေ့က နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ အရှင်ဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ဟာ လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားမှန်းမသိရတဲ့အတွက် သူ့ရဲ့ ကျန်းမာရေး အတွက် စိုးရိမ်ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

[caption id="attachment_33825" align="alignright" width="288" caption="၂၀၀၇ ရွှေဝါရောင်သံဃာခေါင်းဆောင် ဦးဂမ္ဘီရ (ဦးညီညီလွင်)- (ဓာတ်ပုံ အမေ့အိမ်)"][/caption]

ဦးညီညီလွင်ရဲ့ အစ်ကို ဦးအောင်ကျော်ကျော်က “အစိုးရအရာရှိတယောက်က ကျနော့်ကို ပြောလိုက်ပါတယ်။ ဦးဂမ္ဘီရအမှုကို ရန်ကုန်တိုင်းဒေသကြီး မှုခင်းတပ်ဖွဲ့က ဦးစီး (၂) ရဲမှူးမြင့်ထွေး ကိုင်တာပါတဲ့ သူနဲ့သွားတွေ့ရင် အဆင်ပြေလောက်တယ်တဲ့။ ဒါနဲ့ ဒီနေ့ မနက် ၁၀ နာရီမှာ ရဲမှူးမြင့်ထွေး ရုံးခန်းကိုရောက်ပါတယ်။ နာရီဝက်လောက် စောင့်နေပြီးမှ ရဲဝန်ထမ်းတယောက်က တွေ့ခွင့် မပေးနိုင်ဘူးလို့ ပြောတယ်။ ရဲမှူးဆီသွားတဲ့အကြောင်းက ဦးဂမ္ဘီရက ကျန်းမာရေးမကောင်းဘူး။ သူ့ကိုဆေးကုနေတုန်း သက်သာရုံပဲရှိသေးတယ်။ ရှင်းရှင်းမပျောက်သေးဘူး။ ဒီလိုအဖမ်းခံရတာက တရားသည်ဖြစ်စေ မတရားသည်ဖြစ်စေ ဖမ်းလိုက်ပြီ။ ဆေးကုသခွင့်ရဖို့ ကျနော်တို့ စကားပြောဖို့ သွားတာပါ။ တွေ့ခွင့်တောင် ငြင်းပယ်ခံရတယ်။ ဒါဟာ ရဲစခန်းတွေမှာ ချိတ်ထားတဲ့ ကူညီပါရစေဆိုတဲ့ ဆောင်ပုဒ်နဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။ နောက် သမ္မတ ဦးသိန်းစိန်ပြောနေတဲ့ ဒီမိုကရေစီနိုင်ငံသွားဖို့ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတယ် ဆိုတာနဲ့က ပြဒါးတလမ်း သံတလမ်းဖြစ်နေတယ်။ စစ်အစိုးရလက်ထက်ကအတိုင်းပဲ ဆိုတာကို တွေ့မြင်ခံစားလိုက်ရပါတယ်။”

ဦးညီညီလွင်ကို ပိုင်နက်ကျူးလွန်မှု ပုဒ်မ (၄၄၈)၊ အကျိုးဖျက်ဆီးမှု ပုဒ်မ (၄၄၇)၊ ပုဒ်မ (၄၅၄) တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ သင်္ဃန်ကျွန်းမြို့နယ် ရဲစခန်းက အမှုဖွင့်ထားတယ်လို့ သိရပြီး မိသားစုက ထပ်မံ စုံစမ်းချက်အရ သန်လျင်မြို့နယ်မှာလည်း ပြစ်မှုကျူးလွန်တာမျိုး ရှိတယ်ဆိုပြီး အဲဒီကို ထပ်မံခေါ် ဆောင်သွားတာလို့ သိရပါတယ်။

ဒါ့အပြင် အင်းစိန်ထောင်ကို ပို့ဆောင်ထားတယ်လို့ ကြားသိရပေမယ့် အင်းစိန်ထောင်ကို သွားရောက်စုံစမ်းတော့လည်း အင်းစိန်ထောင်မှာ မရှိကြောင်း ဦးအောင်ကျော်ကျော်က ပြောပါတယ်။

“မနေ့က ဦးဂမ္ဘီရကို လာဖမ်းတဲ့ သင်္ဃန်းကျွန်း ရဲစခန်းမှူး ရဲအုပ် သန်းဇော်ဦးကို သွားတွေ့တယ်၊ တွေ့တဲ့အခါ သန်လျင်မြို့နယ် စခန်းမှူး ရဲအုပ် မြင့်ကျော်ကို လွှဲပေးလိုက်ပြီတဲ့။ ဒါနဲ့ သန်လျင်မြို့နယ်ရဲစခန်းကို လိုက်ရပါတယ်။ ရဲအုပ်မြင့်ကျော်ကို တွေ့တဲ့အခါ ညတွင်းချင်းပဲ အင်းစိန်ထောင်ကို ပို့လိုက်ပြီတဲ့။ ဒါနဲ့ ဒီနေ့ နေ့လယ် ၁ နာရီမှာ အင်းစိန်ထောင် ထောင်ဘူးဝက ထောင်မှူး ၀င်းဇော်နဲ့ သွားတွေ့တယ်။ သူ အတွင်းထဲကို ဖုန်းဆက်မေးတယ် မရှိဘူးဆိုတဲ့ အဖြေပဲပြန်ရတယ်။ ထောင်မှူး ၀င်းဇော်က ၂ ရက်နေ့ညမှာ တာဝန်မှူးအဖြစ် တာဝန်ကျတယ်တဲ့ ဘယ်အကျဉ်းသားမှ လာရောက်အပ်နှံတာမရှိဘူးလို့ အခိုင်အမာပြောတယ်။ ဒီတော့ ဦးဂမ္ဘီရဟာ အင်းစိန်ထောင်မှာ မရှိတာ သေချာပါတယ်။ နိုင်ငံသူနိုင်ငံသားတယောက်ကို ဖမ်းထားပြီးမှ သူ့ရဲ့မိသားစုဝင်တွေက တွေ့ဖို့ကြိုးစားတာကို ဒီအစိုးရက ရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ချိုးဖောက်တယ်။ နိုင်ငံသူနိုင်ငံသားတွေရဲ့ အခွင့်အရေးလည်း ချိုးဖောက်တယ်။ ဘာမှ ပွင့်လင်းမြင်သာမှုမရှိဘဲနဲ့ နှိပ်စက်ခံနေရပလား၊ ဘယ်လိုနေနေရလဲဆိုတာကို စိုးရိမ်ပူပန်နေရတဲ့ အနေအထားဖြစ်နေတယ်။”

၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော်တပါးဖြစ်တဲ့ အရှင်ဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ဟာ လက်ရှိ လက်ပန်းတောင်းတောင် သံဃာလှုပ်ရှားမှုနဲ့ပတ်သက်ပြီး သံဃာအုံကြွမှုဖြစ်မှာကို စိုးရိမ်လို့ အခုလို ဖမ်းဆီးထားတာ ဖြစ်နိုင်ကြောင်းလည်း ပြောပါတယ်။

အရှင် ဂမ္ဘီရ (ခေါ်) ဦးညီညီလွင်ဟာ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ သံဃာတော် တပါးဖြစ်ပြီး တော်လှန်ရေးအပြီးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ၂ဝ၁၂ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ မြောင်းမြအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် သင်္ကန်းပြန်ဝတ်ခဲ့ပါတယ်။ သံဃာဘ၀နဲ့ ခဏတာနေပြီးနောက် လူဝတ်လဲခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013