မိုးထိမိုးမိ ဆန္ဒပြခေါင်းဆောင် ၄ ဦးကို ရုံးထုတ်
အေးနိုင်
·
December 3, 2012
နေပြည်တော်ကို ချီတက်တဲ့ မိုးထိမိုးမိရွှေလုပ်သားတွေရဲ့ ခေါင်းဆောင် ၄ ဦးကို ရေတာရှည်မြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စစ်ဆေးပါတယ်။
ရန်ကုန်ကနေ နေပြည်တော်ထိ ချီတက်ရာမှာ ခေါင်းဆောင်တွေဖြစ်တဲ့ ရဲရင့်ထွန်း၊ ကိုနိုင်ဝင်း၊ ကိုနေအောင်ထက်နဲ့ ကိုစောနော်တို့ ၄ ဦးကို အာဏာပိုင်တွေက နိုဝင်ဘာ ၂၃ ရက်မှာ ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပြီး ရေတာရှည်တရားရုံးမှာ ရုံးထုတ်လိုက်တာပါ။
ဖမ်းဆီးခံဆန္ဒပြ ခေါင်းဆောင်တွေဘက်က ရှေ့နေ ၃ ဦးလိုက်ပါဆောင်ရွက်ပြီး နိုဝင်ဘာ ၃၀ ရက်နေ့က တရားခွင်အခြေအနေကို ကိုနေအောင်ထက်ရဲ့ဖခင် ဦးမြင့်သန်းက ခုလို ပြောပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးမှူးကို ကျနော်တို့ဘက်က ရှေ့နေက မေးမြန်းတဲ့အခါမှာ ဥပဒေနဲ့ငြိစွန်းတဲ့အချက်က တချက်မှ မပါဘူးဗျာ။ ၅၀၅ (ခ)နဲ့ စွဲစရာအကြောင်းက ဘာမှမရှိဘူး။ အဲလိုဖြစ်နေတယ်။ ဒီဥစ္စာ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ လူတယောက်ကို ဖမ်းဆီးချုပ်နှောင်ပြီးတော့ အချိန်ကာလ အများကြီးချုပ်နှောင်ထားဖို့ ဆိုတာ သူတို့အတွက် လူ့အခွင့်အရေး အများကြီး ဆုံးရှုံးတာပေါ့” လို့ ပြောပါတယ်။
အမှုကို ဒီဇင်ဘာ ၄ ရက်နေ့ ပြန်လည်ချိန်းဆိုထားပြီး ဒီတခါရုံးချိန်းမှာ အာမခံရဖို့ လျှောက်ထားမယ်လို့ ဦးမြင့်သန်းက ပြောပါတယ်။
ပုဒ်မ ၅၀၅ (ခ) မှာ နိုင်ငံတော် အစိုးရ(သို့) နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက အများပြည်သူကိုသော်လည်းကောင်း၊ လူတစုကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေလျှင် ဤပြစ်မှုမြောက်သည်ဟု သိရသည်။