အမေရိကန် စစ်လေယာဉ်ကို ဗင်နီဇွဲလား စစ်လေယာဉ်တစီး နောက်ယောင်ခံလိုက် (ရုပ်သံ)
Published By
DVB | 22 July, 2019
1.1K
0
Share
0
Comment
0
Likes
VIDEO
ဗင်နီဇွဲလား စစ်လေယာဉ်တစီးဟာ အမေရိကန်ရေတပ်ရဲ့ EP-3 စစ်လေယာဉ်ကို နိုင်ငံတကာ လေကြောင်းပိုင်နက်ထဲမှာ ထက်ကြပ်မကွာ နောက်ယောင်ခံလိုက်ခဲ့တယ်လို့ အမေရိကန် အစိုးရက ဇူလိုင် ၂၁ ရက်မှာ စွပ်စွဲလိုက်ပါတယ်။
ဇူလိုင် ၁၉ ရက်နေ့က အမေရိကန်နဲ့ ဗင်နီဇွဲလား စစ်လေယာဉ်နှစ်စီးအကြား အခုလို ထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ အမေရိကန်အစိုးရက ဗင်နီဇွဲလားစစ်တပ်ရဲ့ ထိပ်တန်းအရာရှိ လေးယောက်ကို ပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်လိုက်ပါတယ်။
၂၀၁၈ ရွေးကောက်ပွဲမှာ ပြန်ပြီး ရွေးကောက်ခံခဲ့ရတဲ့ ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ရာထူးကဖြုတ်ချဖို့ သမ္မတ ဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အမေရိကန် အစိုးရဟာ ဗင်နီဇွဲလားအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ အကြိမ်ကြိမ် ချမှတ်ခဲ့ပါတယ်။
အမေရိကန် အပါအဝင် အနောက်နိုင်ငံ အများစုက သမ္မတ မာဒူရိုရဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို တရားမဝင်ဘူးလို့ သတ်မှတ်ထားကြပါတယ်။
ဗင်နီဇွဲလား အထူးစီးပွားရေးဇုန်ရဲ့ လေကြောင်းပိုင်နက်ထဲကို ဝင်လာတဲ့ အမေရိကန် စစ်လေယာဉ်တစီးကို ကြားဖြတ်ဟန့်တားခဲ့တယ်လို့ ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရိုက အမေရိကန်ရဲ့ စွပ်စွဲချက်ကို တုံ့ပြန် ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်မှာ လေယာဉ်နှစ်စီးစလုံး မတိုက်မိခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရသူတွေလည်း မရှိခဲ့ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။