မိုးညှင်းဈေး ဆန္ဒပြသူ ၄ ဦးကို ဗွီဒီယို အက်ဥပဒေဖြင့် ဖမ်းဆီး
DVB
·
December 3, 2012
ကချင်ပြည်နယ် မိုးညှင်းမြို့ ညောင်ပင်ဈေး မပြောင်းရွှေ့ရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့ ဦးဆောင်သူတွေကို ဗွီဒီယိုအက်ဥပဒေနဲ့ ရဲက တရားစွဲဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ဈေးမပြောင်းရွှေ့ဖို့ မိုးညှင်းညောင်ပင်ဈေး ဈေးသူဈေးသားတွေ ဆန္ဒပြရာမှာ ဆန္ဒပြခေါင်းဆောင်နဲ့ စည်ပင် အရာရှိတွေအကြား အချင်းများတာကို ရိုက်ကူးထားတဲ့ ဗွီဒီယိုခွေ ဖြန့်ချိတယ်ဆိုပြီး ဆန္ဒပြရာမှာ ဦးဆောင်တဲ့သူ ၄ ဦးကို ဖမ်းဆီးထားတာလို့ အဖမ်းခံရသူတွေနဲ့ နီးစပ်တဲ့ မိုးညှင်းမြို့ခံတဦးက ပြောပါတယ်။
မိုးညှင်းရဲစခန်းမှာ ဖမ်းဆီးခံထားရသူတွေကတော့ ဗညားနိုင်၊ မဖွားဖွား၊ ကိုအားယုနဲ့ မပူးစူးတို့ဖြစ်ပါတယ်။
ရိုက်ကူးထားတဲ့ ဗွီဒီယိုခွေတွေကို ရောင်းချမှုနဲ့ မူလက ၆ ဦးကို ဖမ်းဆီးခဲ့ပေမယ့် နောက်ပိုင်းမှာ ၂ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ မိုးညှင်းမြို့ခံက ပြောပါတယ်။
“၁၈ ရက်နေ့ ဆန္ဒပြတဲ့အချိန်မှာ အကုန်လုံးလုပ်ပေးမယ်၊ ဖြည့်ဆည်းပေးမယ်ဆိုပြီး မလုပ်ဖြစ်အောင် ချွေးသိပ်လိုက်တာပေါ့။ မင်းတို့ ဆန္ဒပြမယ်ဆိုရင် ၃၀ ရက်နေ့ ပြပါဆိုပြီး ပြခါနီးကျမှ ခေါင်တွေကို ချိုးပြီး ဖမ်းလိုက်တဲ့သဘော။ လူကြီးတွေနဲ့ စကားပြောထားတာတွေ အခွေထဲအကုန်ပါတယ်လေ။ အခွေကိုရောင်းတာကို ရဲတွေ သိသွားတော့ မင်းတို့ ဘယ်ကရသလဲပေါ့။”
ဖမ်းဆီးထားသူ ၄ ဦးကို ရမန် ၂ ပတ် ယူထားပြီး ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၄ ရက်နေ့မှာ ဗွီဒီယိုအက်ဥပဒေနဲ့ တရားစွဲပြီး ရုံးထုတ်ဖို့ စီစဉ်နေတာပါ။ ဒီအမှုနဲ့ပတ်သက်ပြီး မိုးညှင်းရဲ စခန်းကို ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ရှိတဲ့သူတွေ မရှိတဲ့အတွက် မဖြေဆိုနိုင်ဘူးလို့ ဆိုပါတယ်။
ဈေးသည် ၅၀၀ ကျော်လောက် ဈေးရောင်းချနေတဲ့ ညောင်ပင်ဈေးကို စည်ပင်သာယာက ဖျက်သိမ်းပြီး အမှတ် ၂ ဈေးကို ပြောင်းရွှေ့ခိုင်းခဲ့တာပါ။ အမှတ် ၂ ဈေးမှာ ဈေးသည်တွေအတွက် ဆိုင်ခန်း ၆၀ လောက် စည်ပင်သာယာက စီစဉ်ပေးခဲ့ပေမယ့် ဈေးသူဈေးသားတွေ မရရှိဘူးလို့  ပြောပါတယ်။
ဒီဈေးကို မဖျက်သိမ်းဖို့ ဈေးသည်တွေဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဈေးက လူ ၅၀၀ ကျော်လောက်နဲ့ ဆန္ဒပြဖို့ လတ်မှတ်ရေးထိုး တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန္ဒပြခွင့်မရဘဲ ဈေးပြောင်းမိန့် ကျလာတဲ့အတွက် နိုဝင်ဘာ ၁၈ ရက်နေ့မှာ ဈေးသည်တွေ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။