DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းဒေသတွင် စီမံကိန်းကြီးများ မလုပ်ရန် ရှမ်းပါတီ ၂ ခု သတိပေး
DVB
·
December 3, 2012
နမ့်ခမ်းဒေသတွင်  စီမံကိန်းကြီးများ မလုပ်ရန် ရှမ်းပါတီ ၂ ခု သတိပေး
1 / 2
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ထဲမှာ ပြည်တွင်းပြည်ပ ကုမ္ပဏီတွေအနေနဲ့ စီမံကိန်းကြီးတွေ ၀င်ရောက် လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုလုပ်ဖို့ ရှမ်းနိုင်ငံရေးပါတီ ၂ ခုက ပူးတွဲသတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စီမံကိန်းလုပ်ငန်းကြီးတွေဟာ လူထုရဲ့ ရေရှည်အကျိုးဖြစ်ထွန်းမှုကို ထိခိုက်စေပြီး အိုးအိမ်၊ လယ်ယာခြံမြေတွေ၊ သဘာဝအရင်းအမြစ်တွေနဲ့ ရိုးရာအမွေအနှစ်တွေ ထိခိုက်ဆုံးရှုံး စေနိုင်တဲ့အတွက် နမ့်ခမ်းမြို့နယ်က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (ကျားခေါင်းပါတီ) တို့ ဒီနေ့ပူးတွဲထုတ်ပြန် ကြေညာလိုက်တာပါ။

ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းကျော်အုန်းက “ပြည်သူတွေအတွက် အကာကွယ်ပေးတဲ့ သဘောပါပဲ။ ဒီမြေတွေက ကုမ္ပဏီကြီးလက်ထဲရောက်သွားပြီး သူတို့ပဲ လက်ဝါးကြီးအုပ်ပြီးတော့ သူတို့ပဲ ကျန်တာပါပဲ။ ပြည်သူလူထုက ဘာမှလုပ်ကိုင်စားသောက်စရာ မြေလည်းမရှိ ဘာမရှိ အဲဒါမျိုးဖြစ်မှာစိုးလို့ပါ။ နမ့်ခမ်းဒေသမှာ ဧက ၂၀၀ ၀ယ်သွားတယ် ကြားတယ်၊ ဒါမျိုးတွေပေါ့။ နောက် ဘာလုပ်စားမလဲ။ ဆိုးကျိုးများမလား၊ ကောင်းကျိုးများမလား အဲဒါချိန်ကြည့်တာပါ။”

နမ့်ခမ်းမြို့နယ်ထဲမှာ စီမံကိန်းကြီးတွေ ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်လုပ်ဆောင်ဖို့ အချိန်မကျသေးတဲ့အကြောင်း၊  စီမံကိန်းတွေမှာ အကောင်းနဲ့ အဆိုး ဒွန်တွဲမှုရှိတဲ့အတွက် အဲဒါတွေကို သေချာလေ့လာသုံးသပ်ပြီး ဆိုးကျိုးအတွက် ကာကွယ်ပြင်ဆင်မှုတွေ လုပ်ပြီးမှ ဆောင်ရွက်စေလိုကြောင်း၊ ဒါကြောင့် ၂၀၁၅ ခုနှစ်ထိ ဆိုင်းငံ့ထားစေလိုကြောင်း ဦးစိုင်းကျော်အုန်းက ပြောပါတယ်။

နမ့်ခမ်းမြို့နယ်ထဲက  မြေဧကပေါင်း ၃ သောင်းခွဲလောက်မှာ  တရုတ်နဲ့ အစိုးရအကျိုးတူ ကုမ္ပဏီတွေက မြို့ပြစီမံကိန်းတခု ဆောက်လုပ်ဖို့ရှိနေတယ်လို့ သတင်းထွက်နေပြီး  ခုရက်ပိုင်းမှာ ဒေသခံတွေဆီက  မြေကွက် အမြောက်အမြား ၀ယ်ယူမှုတွေရှိနေတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေသခံတွေကိုယ်စား ကျားဖြူပါတီက သမ္မတ ဦးသိန်းစိန်ဆီ စာရေး ကန့်ကွက်ခဲ့ဖူးပါတယ်။

အလားတူ နမ့်ခမ်းမြို့လယ် အောင်မေတ္တာရပ်ကွက်က မြို့မဈေးကို လုပ်ငန်းရှင် ကုမ္ပဏီတွေက နှစ်ထပ်ဈေးအဖြစ် တိုးမြှင့်ဆောင်ရွက်ဖို့ ရှိနေရာမှာ ဒေသခံတွေက ဈေးအနီးအနားက မြေနဲ့ အိမ်တွေ ဖယ်ပေးရမှာ စိုးရိမ်ပူပန်နေကြတာပါ။

နမ့်ခမ်းမြို့ခံတဦးကတော့  အသစ်ဆောက်လုပ်မယ့် ဈေးသစ်မှာ  ပြင်ပလုပ်ငန်းရှင်တွေ စီးပွားရေး လက်ဝါးကြီးအုပ်လာမှာ စိုးတဲ့အတွက် မဆောက်ဖြစ်အောင် ကန့်ကွက်မယ်လို့ ပြောပါတယ်။

ရှမ်း ၂ ပါတီကတော့ ဒေသခံတွေအတွက် ထိခိုက်နစ်နာစေမယ့် စီမံကိန်း လုပ်ငန်းကြီးတွေ အဆောတလျင် ဆောင်ရွက်ခြင်း မလုပ်ဖို့နဲ့ ဆောင်ရွက်လာရင် ပူးပေါင်းကန့် ကွက်သွားမယ်လို့ ကြေညာထားပါတယ်။
နမ့်ခမ်းမြို့နယ်က ရှမ်းပါတီ ၂ ခုဟာ နယ်မြေခံအကျိုးအတွက် အရင်ကလည်း အတူ တကွ ဆွေးနွေးတာတွေ ရှိခဲ့ပြီး ဒီနေ့ ပူးတွဲကြေညာချက် ထုတ်ပြန်စာကတော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013