DVB Logo
Home
မြန်မာသတင်း
မိုးထိမိုးမိရွှေလုပ်သားများ အစိုးရနှင့်ဆွေးနွေးပွဲ မအောင်မြင်
DVB
·
December 3, 2012
မိုးထိမိုးမိရွှေလုပ်သားများ အစိုးရနှင့်ဆွေးနွေးပွဲ မအောင်မြင်
Donate to DVB

နေပြည်တော်ကို ချီတက်တဲ့ မိုးထိမိုးမိရွှေလုပ်သားတွေနဲ့ တာဝန်ရှိသူတွေ ဒီနေ့ ဆွေးနွေးပွဲ မအောင်မမြင်နဲ့ အဆုံးသတ်ခဲ့ပြီး သက်ဆိုင်ရာက ဆန္ဒပြလုပ်သားတွေကို လူစုခွဲခိုင်းတဲ့အတွက် တည်းခိုနေရာ ဘုန်းကြီးကျောင်းကနေ ထွက်ခွာခဲ့ကြရပါတယ်။

[caption id="attachment_32864" align="alignright" width="300" caption=" နေပြည်တော်မသွားမီ ရွှေလုပ်သားများ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့ဆန္ဒပြခဲ့ကြစဉ်"][/caption]

မနက် ၉ နာရီခွဲကနေ မွန်းတည့်ပိုင်းထိ ရမည်းသင်းမြို့နယ်ကနေ ၇ မိုင်ခန့်အကွာ ပျဉ်းမတောဘုန်းကြီးကျောင်းမှာ ဆန္ဒပြသူတွေနဲ့ တာဝန်ရှိသူတွေအကြား ညှိနှိုင်းချက် မအောင်မြင်ဘူးလို့ ဆန္ဒပြခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ကြီးက ပြောပါတယ်။

“ဒီနေ့ ကျနော်တို့ ညှိနှိုင်းချက်အရ အောင်မြင်မှုမရဘူးလို့ ပြောရမှာပေါ့။ ဆုံးဖြတ်ချက် တစုံတရာ မချနိုင်ဘူး။ ကုမ္ပဏီဥက္ကဋ္ဌလည်း မရှိတဲ့အတွက်ပေါ့။ ကုမ္ပဏီဥက္ကဋ္ဌရှိမှသာ ဒုတိယအကြိမ် ညှိနှိုင်းခြင်းကို ပြုရမှာဖြစ်ပါတယ်။

“ကျနော်တို့ နှစ်ဦးနှစ်ဘက်ညှိနှိုင်းချက်အရဆိုရင် ကုမ္ပဏီဘက်က လက်ရှိ ကျနော်တို့ကို အောက်မှာ ဆန္ဒဖော်ထုတ်သူတွေကို တောင်ပေါ်တက်ခွင့်ပေါ့နော်။ သူတို့ဘက်က လုံးဝ ပြန်မပေးနိုင်ဘူးပေါ့နော်။ အင်းတွေကိုလည်း ကျနော်တို့ လုပ်ခွင့်မရှိတော့ပါဘူး။ ဒါ သူ့ဘက်က ပြောခဲ့တဲ့စကားပါ။ ကျနော်တို့ကတော့ အဲဒါတွေ လုပ်ခွင့်မရှိဘူးဆိုရင် ကျနော်တို့အတွက် နစ်နာကြေးနဲ့ လျော်ကြေးကို တောင်းဆိုမယ်လို့ တောင်းခဲ့ပါတယ်။”

ဒီမနက်ညှိနှိုင်းပွဲမှာ သတ္တုအင်ဂျင်နီယာ ဦးတင်မောင်ဆွေ၊ သတ္တုတွင်းဌာန ဒု-မန်နေဂျာ ဦးခင်ဖေ၊ ရမည်းသင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဘိုနီ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းနဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်းတို့ တက်ပါတယ်။

မိုးထိမိုးမိဆန္ဒပြသမားတွေဟာ သူတို့နစ်နာချက်ကို ရန်ကုန်မြို့က အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့ သွားတောင်းဆိုရာမှာ မထူးခြားလို့ နိုဝင်ဘာ ၈ ရက်မှာ ရန်ကုန်ကနေ မိုင် ၂၇၀ ခန့်ဝေးတဲ့ နေပြည်တော်ကို ချီတက်ခဲ့ကြတာပါ။

နေပြည်တော်ရောက်ကာနီး မိုင် ၂၀ ခန့်အကွာ ပဲခူးတိုင်း ရေတာရှည်မြို့နယ်အရောက် နိုဝင်ဘာ ၂၃ ရက်မှာ ရဲက ဆန္ဒပြခေါင်းဆောင် ၄  ဦးကို ဖမ်းဆီးပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခဲ့သလို ကျန်သူ ၇၀ ခန့်ကိုလည်း ရမည်းသင်းမြို့နယ်မှာ ညှိရအောင်ဆိုပြီး ပျဉ်းမတော ဘုန်းကြီးကျောင်းကို ပို့ဆောင်ပြီး စောင့်ဆိုင်းစေပါတယ်။

ဒီနေ့ ဆွေးနွေးပွဲ ပြီးတဲ့နောက်မှာတော့ သူတို့ကို အာဏာပိုင်တွေဘက်က ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်လည်စောင့်ဆိုင်းကြဖို့ ပြောဆိုတာကြောင့် ဒီနေ့မှာတော့ ဆန္ဒပြသမားတွေဟာ သွားလာနေထိုင် စားသောက်စရိတ်စ မရှိတာနဲ့ အခက်အခဲကြုံနေကြပါတယ်။

ဆန္ဒပြခေါင်းဆောင် တယောက်အနေနဲ့ လူစုခွဲခိုင်းတာကို လိုက်လျောညီထွေ ဆုံးဖြတ်ပေးလိုက်ရတာဟာ  ကိုယ့်လူတွေ ထပ်မနာစေဖို့ ဖြစ်ပြီး တရားဥပဒေက နစ်နာသူတွေဘက်က မကြည့်တဲ့အတွက် ဖြစ်တာလို့ ဆန္ဒပြခေါင်းဆောင် ဦးအောင်ကြီးက ပြောပါတယ်။

“ကျနော့်အနေနဲ့ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကျနော်တို့ ဒုက္ခရောက်နေတဲ့လူကို အကာအကွယ်ပေးတဲ့ တရားဥပဒေဆိုတာ မရှိဘူးလို့ပဲ ကျနော်က သုံးသပ်ပါတယ်။ ကျနော်တို့ လက်တွေ့ကြုံတွေ့ခဲ့ရတာတွေသည် ကျနော်တို့ ခေါင်းဆောင်တွေ ရိုက်နှက်ဖမ်းခံခဲ့ရတယ်။ ဒါတွေသည် ကျနော်တို့အတွက် ဒုက္ခရောက်တဲ့အချိန်မှာ ကာကွယ်ပေးမယ့်ဥပဒေဟာ မရှိဘူးဖြစ်နေတာပေါ့။ အဲဒီအတွက် ကျနော့်လူတွေအတွက် ခေါင်းဆောင်တယောက်အနေနဲ့ စဉ်းစားကြည့်ပါတယ်။ ဒီအဖွဲ့အစည်းကို ဒီအတိုင်း ဆက်စုနေမယ်ဆိုရင် ကျနော်တို့မှာ နောက်တကြိမ် ဖြိုခွဲခံရပါလိမ့်မယ်။ ဖြိုခွဲခံရတဲ့အချိန်မှာလည်း ကျနော်တို့သည် ဥပဒေအရပဲ အရေးယူခြင်းခံနေရမှာပါ။ ကျနော်တို့ကို အကာအကွယ်ပေးမယ့် ဥပဒေမရှိတဲ့အတွက်” လို့ ပြောပါတယ်။

ဆန္ဒပြရာမှာ ပါဝင်သူ ဒေါ်သန္တာအောင်က “ကျမတို့လူတွေလက်ထဲမှာ တပြားမှမရှိဘူး။ အဆင်မပြေဘူး။ အဆင်မပြေဘူးဆိုတဲ့ အတိုင်းအတာက စားဖို့သောက်ဖို့ကို အဆင်မပြေတာ။ အ၀တ်အစားတွေ မပါ၊ စောင်တောင်ပါတာမဟုတ်ဘူး။ သူတို့က ဒီမနက်ခင်းတင်ပဲ ထမင်းပို့တယ်။ ညနေကျတော့ ကျမတို့ လုပ်သားတွေ ဘာသွားစားမလဲ။ ဒါလူစုခွဲတဲ့ သဘောမျိုးနဲ့ ပညာရှိနှိပ်စက်နည်းနဲ့ နှိပ်စက်တယ်လို့ ကျမအနေနဲ့ထင်တယ်” လို့ ပြောပါတယ်။

ဆန္ဒပြသူတွေဟာ မြန်မာစံတော်ချိန် နေ့ခင်း ၂ နာရီလောက်မှာတော့  ကျောင်းထိုင်ဆရာတော်ကို နှုတ်ဆက်ပြီး ရမည်းသင်းဘက်ကို ထွက်ခွာကြပါတယ်။
သူတို့ဟာ အခု ပထမအကြိမ် ညှိနှိုင်းမှု မအောင်မြင်ရင် နေပြည်တော်မှာ သတ္တုတွင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒု - ၀န်ကြီး စသူတွေနဲ့ ဆက်လက်ညှိနှိုင်းဖို့လည်း ကနဦးပိုင်းက ရေတာရှည်မြို့မှာတုန်းက သဘောတူထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013