Home
မေးမြန်းခန်း
အိမ်ထောင်ရေး (ဥပဒေရေးရာအမေးအဖြေ)
DVB
·
July 21, 2019
အိမ်ထောင်ရှိလျက်နဲ့ လိမ်ညာပေါင်းသင်းမှု၊ တလင်တမယားစနစ် စတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးကျော်ငြိမ်း (တရားလွှတ်တော်ရှေ့နေ) အား ဒီဗွီဘီသတင်းထောက် နေရီရီကတွေ့ဆုံ မေးမြန်းထားပါတယ်။-  မေး။ လွန်ခဲ့တဲ့ ခြောက်လလောက်က ကျနော့်သားနဲချွေးမဖြစ်သူတို့ မင်္ဂလာဆောင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ တလလောက်က သူတို့နှစ်ယောက် စကားများရာက ချွေးမက သူ့မိဘအိမ်ဆင်းသွားပါတယ်။ လူကြီးချင်းစကား ပြောတော့ သူ့သမီးက ကျနော့်သားနဲ့ မပေါင်းနိုင်တော့ကြောင်းနဲ့ ကွာရှင်းလိုကြောင်းနဲ့ နစ်နာကြေးပေးဖို့ပါ တောင်းဆိုလာပါတယ်။ သားကတော့ မကွာရှင်းချင်ပါဘူး။ ဘယ်လိုဆက်လုပ်မှန်းမသိလို့ ဖြေကြားပေးပါခင်ဗျား။ ဖြေ။ ဒီမေးခွန်းမေးမြန်းချက် သက်သက်အရတော့ ဒီမိန်းကလေးက မပေါင်းနိုင်တော့ပါဘူး၊ ကွာပေးပါ။ နစ်နာကြေးလည်း ပေးပါဆိုပြီးတော့ တောင်းလာတယ်။ ပြီးတော့ ယောကျာ်းလေးမှာ ဘာအခွင့်အရေးရှိသလဲဆိုတော့ ဓလေ့ထုံးတမ်းဥပဒေမှာရှိတယ်။ ပြန်လည်ပေါင်းလိုမှု၊ အရပ်ထဲမှာတော့ မယားခေါ်လိုမှုလို့ပြောကြတယ်။ လင်မယားအဖြစ်နဲ့ ပေါင်းသင်းနေထိုင်ပိုင်ခွင့်ကို တောင်းဆိုခွင့်ရှိတယ်။ အဲ့လိုစွဲမယ်ဆိုရင် သူ့အနေနဲ့ စွဲလို့ရတယ်။ တရားစွဲရင် ဘယ်ရုံးမှာစွဲရမလဲ။ ဒါမျိုးက တရားမအမှု အမျိုးအစားဖြစ်တယ်။ ဒါပေမဲ့ ရုံးအပေါ်မှာ တန်ဖိုးတွေအပေါ်မှာ ရာခိုင်နှုန်းနဲ့ ဆောင်ရတာမျိုးတော့ မဟုတ်ဘူး။  ပုံသေထောင်ဂဏန်း စသည်ဖြင့်နဲ့ ခေါင်းကိုက်ရလိမ့်မယ်။ ပြီးရင် ဒီမိန်းကလေးနေထိုင်တဲ့ အရပ်ဒေသ သို့မဟုတ် သူတို့လင်မယား နောက်ဆုံး ပေါင်းသင်းနေထိုင်ခဲ့တဲ့အရပ်၊ အဲအရပ်ဒေသမှာ သူက ကျနော့မယားကို ကျနာ် ပြန်လည်ပေါင်းသင်းနေထိုင်လိုချင်ပါတယ်။ ရုံးရဲ့အမိန့်၊ ဒီဂရီနဲ့ ဖော်ဆောင်ပေးပါ။ ဒီလိုတရားစွဲခွင့်ရှိတယ်။ သို့သော် အဲဒီလိုတရားစွဲတဲ့ ယောကျာ်းသားအဖို့ အတော်တာဝန်ကြီးတယ်။ သူက အပြစ်ကင်းပါတယ်။ ညှဉ်းပန်းနှိပ်စက်မှုမရှိပါဘူး။ ဓလေ့ထုံးထမ်ဥပဒေအရ ကွာသွားလောက်အောင် ကျုးလွန်တဲ့ ပြစ်မှုမျိုးမရှိဘူး။ ဥပမာအားဖြင့်ဗျာ။ ဒါကတော့ မမြင်အပ်သည့် ဆေးဆရာ မကြားအပ်သည့် တရားသူကြီး ဆိုသလိုပဲ။ ယောက်ျားရဲ့စွမ်းရည် လုံးဝမရှိတဲ့ လူမျိုးလည်း မဟုတ်ပါဘူး။ ဒါမျိုးတွေသက်သေထူနိုင်မယ်ဆိုရင်တော့ ခေါ်လိုခွင့်၊ ပြန်ခေါ်လိုခွင့်ရနိုင်ပါတယ်။ ဒါမျိုးနဲ့ပက်သက်ရင်လည်း ဘယ်နှစ်အတွင်း စွဲရမယ်လို့ ဥပဒေမှာ ကာလစည်းကမ်းသတ် မရှိဘူး။ မရှိပေမဲ့လည်း အတိုင်းအဆမရှိ အဘိုးအဘွားကြီးဖြစ်မှ လာစွဲလို့မရဘူး။ သူတို့ နှစ်ယောက်ကြားထဲ relation လေးတွေပေါ့။ ကွဲကွာနေကြပေမဲ့ အမျှင်မပြတ်သော အကြောင်းအရာ တခုခုရှိနေတယ်။ မိန်းကလေးဘက်က ကွာဖို့ ယတိပြတ် ကွာလောက်တဲ့ အခြေအနေမျိုးတွေ ထိထိရောက်ရောက် မဖြစ်သွားဘူးဆိုရင်တော့ သူစွဲခွင့်ရှိပါတယ်။ ဒါကြောင့် ဒီပုဂ္ဂိုလ်လေးအနေဲ့ ဥပဒေအခွင့်အရေးကတော့ လင်မယားပေါင်းသင်းလိုမှု တရားစွဲဆိုခွင့်ရှိပါတယ်။ မေး။ သူနဲ့ကျမ ရည်ငံ့တဲ့အချိန်မှာ လူပျိုလူလွတ်ထင်ပြီး လွန်လွန်ကျူးကျူးဖြစ်ခဲ့ပါတယ်။ နောက်တော့မှ သူ့မျာ အိမ်ထောင်ရှိကြောင်းသိရလို့ ပြဿနာတက်တော့ သူ့က ကျမကို မင်္ဂလာပွဲကျင်းပပြီး လက်ထပ်ခဲ့ပါတယ်။ လက်ထပ်ပြီး လပိုင်းအကြာမှာ အရင်အိမ်ထောင်နဲ့ ပြန်ပေါင်းလိုက်၊ ကျမဆီပြန်လာလိုက် လုပ်နေပါတယ်။ ကျွန်မ ဆက်မပေါင်းချင်တော့ပါဘူး။ ကလေးလည်း မရှိပါဘူး။ ဘယ်လိုဆက်လုပ်ရမလဲ၊ နစ်နာကြေးတောင်း ဆိုခွင့်ရှိသလားဆိုတာ သိလိုပါတယ်။ ဖြေ။ အတွေ့အကြုံအရ အကြံပေးချင်တာက ဒါဟာ နှစ်ဖက်စလုံး အကျအဆုံးများတဲ့ စစ်ပွဲပဲ။ ဘယ်သူ့ ဘယ်သူ့မှ အကျိုးမရှိဘူး။ အဲ့လိုဆိုရင်တော့ စကားဝိုင်းငြိမ်းချမ်းရေးနဲ့ ညှိနှိုင်းမှုရယူတာက အကောင်းဆုံးဖြစ်တယ်လို့ အကြံပေးချင်ပါတယ်။ တကယ်လို့သာ ဒီကိစ္စက တလင်တမယားဥပဒေမပြဋ္ဌာန်းခင် အရင် ၂၀၁၅ ရှေ့ကသာ ဖြစ်ခဲ့တယ်ဆိုရင် သူက လူပျိုလူလွတ်ပါဆိုပြီး ပြောလို့ မိန်းကလေးဘက် ယုံကြည်ပြီး ပုံအပ်လိုက်ရတာလေ။ အဲဒီလိုဆိုရင်တော့ ဒီလူက ရာဇသတ်ကြီး ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၄၁၇ ကာမ လိမ်လည်ရယူမှုကတော့ သေချာပေါက် မြောက်နေတာပဲ။ အဲလိုလူအပေါ်မှာ ဒီမိန်းကလေးကလည်း လျော်ကြေးနစ်နာကြေးတော့ စွဲနိုင်တယ်။ ဒီမှာ ဖြစ်စဉ်လေးက ထူးခြားတာက သူ့က အဲ့လိုရှိတာကြီးကို သိသိနဲ့ ဧည်ခံပွဲလုပ်ပြီး လက်ခံပေါင်းသင်းလိုက်၊ ဆိုရင်တော့ လိမ်လည်ပြီး ကာမရယူပါတယ်ရှင်လို့ စွပ်စွဲခွင့်က မရနိုင်ပြန်ဘူး။ ဒါပေမဲ့ ဒီအတိုင်းပဲ ကျမတသက်လုံး ငုတ်တုတ်နေရမလားဆိုရင် မိန်းကလေးက မြန်မာ့ဓလေ့ထုံးထမ်း ဥပဒေအရ လင်မယားကွာရှင်ခွင့်က ယောကျာ်းအပေါ်ကို စွဲလို့ရတယ်။ အဲလိုစွဲတဲ့အခါကျတော့ လင်မယားကွာရှင်းနိုင်တဲ့ အင်္ဂါရပ်က ၃ ခုရှိတယ်။ နှစ်ဦးသဘောတူကွာကြမယ်။ ဒါက  ပြဿနာမရှိဘူး။ အဲ့ဒီယောကျာ်း ရဟန်းလုပ်သွားပြီး ရဟန်းကလည်း ဒုလ္လဘမဟုတ်ဘူး အမြဲဝတ်သွားပြီ၊ နောက်ပြီးတော့ ဒါမှမဟုတ်ရင် အိမ် ထောင်ရေးပြစ်မှု ကျုးလွန်တယ်။ အိမ်ထောင်ရေးပြစ်မှုဆိုတာ သာမန်ပြစ်မှုရှိတယ်။ ကြီးလေးတဲ့ ရက်စက်မှုရှိတယ်။ စွန့်ပစ်မှုတွေရှိတယ်။ အဲ့ဒီလိုတွေဆိုရင်တော့ သူ့က ကွာစေ ဒီကရီတောင်းလို့ရတယ်။ ဒါလည်း အစောက မေးခွန်းလိုပဲ သူက ကွာလောက်တဲ့အကြောင်းတော့ မိန်းကလေးက ပြရမယ်လေ။ အိမ်ထောင်ရှိလျက်နဲ့ ကျမကို လိမ်ညာပြီး ပေါင်းသင်းသွားတာပါဆိုတာ သူ့ရဲ့ဝန်ခံချက်အရ ပြေပျောက်တဲ့ သဘောဖြစ်နေတော့ ဒီထက်ကျူးလွန်တဲ့ ရက်စက်တဲ့ အမှုတွေပြနိုင်ရင်တော့ ကွာခွင့်ရှိပါတယ်။ ဒါပေမဲ့ နည်းနည်းလေး ခက်ခဲပါလိမ့်မယ်။ တရားရုံးက သူ့ကို သက်သာခွင့်ပေးနိုင်ဖို့လေ။ နောက်ဆုံးအကြံပေးချင်တာက တော့ အရပ်လူကြီး၊ မိဘဆွေမျိုးနဲ့ညှိနှိုင်းဆောင်ရွက်ပြီး ပြီးပြတ်အောင် ဖြေရှင်းခြင်းသာလျှင် ဒီကာယကံရှင် အမျိုးသမီးအတွက် အလျော်ကန်ဆုံးအဖြေ ဖြစ်မယ်လို့ အကြံပေးချင်ပါတယ်။ မေး။ ကျမအမျိုးသားက နောက်အမျိုးသမီးတယောက်နဲ့ ဖောက်ပြားပြီး တခြားနေရာတခုမှာ နေထိုင်နေပါတယ်။ တလင်တမယားဥပဒေနဲ့ အမှုဖွင့်တော့ နောက်အိမ်ထောင်ပြုကြောင်းကို သက်သေထူခိုင်းပါတယ်။ သူနေထိုင်တဲ့နေရာက အုပ်ချုပ်ရေးမှူးဆီမှာ သွားပြောတော့လည်း ဘာမှ လုပ်မပေးပါဘူး။ ဘယ်လိုသက်သေ ထူလို့ရမှန်း မသိလို့ပါ။ ကူညီပါဦး ဆရာတို့ရယ်။ ဖြေ။ ဥပဒေရှိပြီးသားဆိုတော့  ငယ်လင်၊ ငယ်မယား (သို့မဟုတ်) နှစ်ဦး တရားဝင်ပေါင်းသင်းတဲ့ လင်မယားရှိပါလျက်နဲ့ ဒီယောကျာ်းက နောက်မိန်းမတယောက်နဲ့ ပေါင်းသင်းလို့မရဘူး။ ပေါင်းသင်းရင်လည်း ပထမအိမ်ထောင်ရှိတဲ့ အမျိုးသမီးက ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စွမ်းမရှိဖို့များတယ်။ အဲဒီတော့ ကိုယ်က မကျေနပ်ဘူး၊ တိုင်တန်းအမှုဖွင့်တဲ့အခါကျတော့ ရဲလုပ်ငန်းတာဝန်က အမှုတခု လာတိုင်လိုက်တိုင်း တန်းပြီး အမှုဖွင့်ရုံးတင်လို့မရဘူး။ အဲဒီအခါကျတော့ သက်သေခိုင်လုံမှုယူရတယ်။ ဟုတ်ပြီ ခင်ဗျား ယောကျာ်းက မောင်ဖြု၊ မောင်နီနဲ့ ဘယ်အရပ်ဒေသမှာ၊ ပေါင်းသင်းနေထိုင်တယ် ဘယ်လို အထောက်အထားရှိတယ်၊ မေးဖို့ သူ့မှာ တာဝန်ရှိတယ်။ သက်ဆိုင်ရာက ညစ်တယ်လို့ မဆိုနိုင်ဘူး။ တခါ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ပြောတော့လည်း အဆင်မပြေဘူးဆိုတဲ့သဘောဆိုရင်၊ ဒါဥပဒေအရ လုပ်နိုင်တာရှိတယ်လို့ ကျနော်တို့ ပညာပေးဆွေးနွေးလိုတယ်။ ဘာလဲဆိုတော့ သူက ရဲရဲတင်းတင်းအမှုဖွင့်ပါ။ အမှုဖွင့်ရင် သူတို့ ဘယ်အရပ်မှာ နေတယ်။ ဘယ်လို လှုပ်ရှားသွားလာလေ့ရှိတယ်။ ဘယ်လိုအလုပ်အကိုင်တွေ လုပ်သလဲ၊ ဘယ်အချိန်ဘယ်နေရာမှာ တွေ့နိုင်မလဲ။ မိမိကလည်း အားထုတ်ရတယ်။ အချက်အလက် ရနိုင်သလောက်စုံစမ်း။ သူတို့လင်မယား ပေါင်းသင်းနေထိုင်ရာ ရပ်ကွက်မှာရှိတဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနဲ့ ရပ်မိရပ်ဖသဖွယ် တွင်ကျယ်သော နှံ့စပ်သော သူတွေကို မေတ္တာရပ်ခံအကူအညီတင်ပြ။ အဲ့ဒါတွေကို ရဲစခန်းမှာ စာရင်းပေး၊ ရဲစခန်းက သူတို့ကို ဆင့်ခေါ် အထောက်အထားစုံရင်ဖြင့် ဒါ ရာဇဝတ်မှု ကျုးလွန်ထားတဲ့ သူတွေအတွက် ထာဝရ ရှောင်တိမ်းနေခွင့်တော့ မရနိုင်ဘူး။ အရေးယူနိုင်တဲ့ အခြေအနေဆိုက်ရောက်မှာ ဖြစ်ပါတယ်။ သူကြိုးစားဖို့ လိုပါတယ်လို့ ဖြေကြားချင်ပါတယ်။ မေး။ ကျနော်တို့ မိဘပိုင်အိမ်ခြံမြေ၀န်းထဲမှာ လက်ရှိ ညီနဲ့ညီမလေးတို့ နေပါတယ်။ ဒါကို အမေက နောက်အိမ်ထောင်ပြုပြီး နောက်ပိုင်း ပထွေးဘက်က ပါလာတဲ့သားက စာချုပ်ပြပြီး သူပိုင်တယ်လို့ ပြောနေပါတယ်။ လက်ရှိ သားနဲ့သမီးက မပိုင်ရဘူးလား။ စာချုပ်ကလည်း သားအကြီးကို အသိမပေးဘဲ ရပ်ကွက်လူကြီးလက်မှတ်နဲ့ အသိသက်သေ လက်မှတ်ထိုးထားပြီး တဖက်သတ်ပြောနေပါတယ်။ မောင်နှမတွေမသိဘဲနဲ့ ဒီလိုလွှဲပေးလို့ရပါသလား။ ဖြေ။ ဒီဇာတ်လမ်းက ကျနော်တို့ ဓလေ့ထုံးတမ်းဥပဒေအကြောင်း နည်းနည်းသိဖို့လိုတယ်။ သူ့က ဘယ်လိုလဲဆိုတော့ အိမ်ထောင်ပြုလိုက်တဲ့အခါ အိမ်ထောင်ကြီးချင်း အိမ်ထောင်ပြုတယ်။ သူ့လည်း အိမ်ထောင်ကျဖူးတယ်၊ သူကလည်း အိမ်ထောင်ကျဖူးတယ်။ အဲ့လိုဆိုရင် လင်ဘက်က ပါလာတဲ့ပစ္စည်း၊ မယားဘက်က ပါလာတဲ့ပစ္စည်းဆိုတာ ရှိတယ်။ အဲ့ဒါကို ဓလေ့ထုံးတမ်းဥပဒ စကားအရ ပါရင်းပစ္စည်းလို့ခေါ်တယ်။ အဲ့တော့ ဒီအခြေအနေမှာ အမွေရှင် ကွယ်လွန်သွားပြီဆိုရင် ဘယ်လိုဖြစ်လာလဲ ဆိုတဲ့အခါကျတော့ အဖေသေသွားပြီး သူက ပစ္စည်းရှင်ပေါ့။ ဖအေသေသွားပြီးဆိုရင် ပထမအိမ်ထောင်က မွေးလာတဲ့ သားသမီးက ၄ ပုံ ၃ ပုံရမယ်။ ပထွေးက ၄ ပုံ ၁ ပုံရမယ် ဒါအမေ့ပစ္စည်းပေါ့။ ဒီကိစ္စလေးမှာက မေးတဲ့သူက သားအကြီး၊ ဒီအိမ်မှာက ညီနဲ့ ညီမနဲ့နေတာ။ အဖေသေတဲ့အချိန်က စပြီး ဒီသားအကြီးက ကျနော်တို့ မြန်မာ့ဓလေ့ထုံးတမ်းမှာ ကြားဖူးတာက သြရသသားကြီး သြရသ အခွင့်အရေးရှိတယ်။ အဖေသေတဲ့အချိန်ကစပြီး ၁၂ နှစ်အတွင်း မီသေးရင် ကျနော်က ဒီအပေါ်မှာ ၄ ပုံ ၁ ပုံ ရထိုက်ခွင့်ရှိတယ်လို့ ကျွန်တော်တို့ တောင်းဆိုခွင့်အမှန်ရှိတယ်။ ၁၂ နှစ်အတွင်းတော့ အမှန်ဖြစ်ရမယ်။ ဒါကြောင့်မို့ ဒီကိစ္စမှာ မေးမြန်းတဲ့သူ မောင်နှမတွေက အမွေအများစု ရရှိတယ်။ ဆက်ခံခွင့်ရှိတယ်။ နောက်တခုက သူ့တို့က စာချုပ်နဲ့ ရောင်းလိုက်ပြီလို့ ဆိုတယ်။ အိမ်မြေဆိုကတည်းက မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း။ ဒါမျိုးက မှတ်ပုံတင်စာချုပ်စာတမ်း မလုပ်ဘဲနဲ့ လွှဲပြောင်းလို့ မရဘူး။ ဒုတိယအချက်က ဒီဟိုဒင်းက ပိုင်တဲ့သူမှ မဟုတ်တာလေ။ မပိုင်သူ လွှဲပြောင်းခြင်းက ဥပဒေအရ မှတ်ပုံတင် အထမြောက် သွားဦး။ တရားမဝင်ဘူး။ အကြုံးမဝင်ဘူးဆိုတဲ့ အချက်တွေလည်း ရှိပါတယ်။ အဲ့တော့ အကြံပေးချင်တာကတော့ ဒီလို အခြေအနေတွေ ကြုံတွေ့နေရပြီဆိုရင် မိမိတို့ရဲ့အခွင့်အရေးတွေကို တင်ပြပြီး သက်ဆိုင်ရာ မြေစာ ရင်းဦးစီးဌာန၊ စည်ပင်သာယာအုပ်ချုပ်ရေး အာဏာပိုင်တွေဆီမှာ ဒါက ကျနော်တို့ အခွင့်အရေး ရှိတဲ့အတွက် ကျနော်တို့ သဘောတူမသိရှိဘဲ လွှဲပြောင်းရောင်းချခြင်း၊ ပေးကမ်းခြင်းတွေမလုပ်ဖို့ ကန့်ကွက်တယ်ဆိုတာလေးတွေလုပ်ထားရင် ပိုမိုလုံခြုံလိမ့်မယ်လို့ ဖြေချင်ပါတယ်။ မေး။ အဖေက နောက်အိမ်ထောင်ပြုပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ကျန်ရစ်တဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို မိထွေးက လက်ဝါးကြီးအုပ်ထားပါတယ်။ ပထမအိမ်ထောင်နဲ့ရတဲ့ သားသမီးတွေ ဘယ်လိုခံစားခွင့်ရှိပါသလဲ၊ နောက်အိမ်ထောင်နဲ့ရတဲ့ သားသမီးတွေကရော ဘယ်လိုခံစားခွင့်ရှိသလဲဆိုတာ သိလိုပါတယ်။ ဖြေ။ အရင်တုန်းက ဆိုရင်တော့ ယောက်ျားတယောက်က မိန်းမအများ ကျနော်တို့ ပိုလီကယ်မီခေါ်တာပေါ့၊ စနစ်ကို လက်ခံကျင့်သုံးခဲ့တာ အစဉ်တစိုက်ဘဲ။ ဒါပေမယ့် ၂၀၁၅ နောက်ပိုင်းမှသာ တလင်တမယားဖြစ်လာတော့ ဒီပြဿနာတွေ နည်းသွားတာ။ အခုမေးခွန်းပါပြဿနာမျိုးက မြန်မာ့အိမ်ထောင်မှုမှာ အများဆုံးဖြစ်လေ့ရှိခဲ့တယ်။ အဲ့တော့ ဒီမေးခွန်းနဲ့ပတ်သက်လို့ အဖြေကလည်းပဲ ဓမ္မသတ်ကျမ်းတွေမှာ လွတ်လပ်ရေး နောက်ပိုင်း ထုံးဖွဲ့တဲ့ စီရင်ထုံးတွေမှာ အသေအချာရှိတယ်။ ဒီမေးခွန်းမဖြေခင်မှာ ကျွန်တော်တို့ နည်းနည်း လေးမျှဝေဆွေးနွေးခြင်းတာက ဓလေ့ထုံးတမ်းဥပဒေအရ အမွေခံလို့ပြောလာထဲက အမွေဆိုင်တွေဆိုတာ ဘယ်လိုလူက အမွေဆိုင်လဲ ဘယ်လိုလူက မဆိုင်ဘူးလည်း သိဖို့လိုတယ်။ နောက်ပြီးတော့ ပစ္စည်းခန်း။ ပစ္စည်းခန်းဆိုရင်လည်း ပါရင် လက်ထက်ပွားစသည်ဖြင့်ရှိတယ်။ အဲ့တော့ အခုမှာ အိမ်ထောင်နှစ်ဆက်ရှိနေတယ်ပေါ့။ အဲ့လိုဆိုရင် ပထမ အိမ်ထောင်က မွေးတဲ့ သားသမီးတွေကို ဓလေ့ထုံးတမ်းဥပဒေစကားအရ အထက်သား လို့ ခေါ်တယ်။ နောက်အိမ်ထောင်က မွေးတဲ့ ကလေးတွေကျတော့ အောက်သားလို့အောက်သားသမီးလို့ခေါ်တယ်။ အဲတော့ ပစ္စည်းခန်းမှာလည်း ပါရင်းရှိတယ်။ လက်ထက်ပွားရှိတယ်။ နှစ်ပါးစုံရှိတယ်။ သားသမီးမှာ အထက်သား သမီး၊ အောက်သားသမီးရှိတယ်။ ၁၉၃၈ ခုနှစ်လောက်ကတည်းက ဖြစ်ပွားခဲ့တဲ့ စီရင်ထုံးတွေ၊ ဒီဘက်ခေတ် ၁၉၆၃၊၄၊၅ နာမည်နဲ့ပြောရင် ဒေါ်အေးပုံနဲ့ ဒေါ်အေးငယ်က ၁၉၆၃ အဲ့ဒီလို ကျနော်တို့ ဥပဒေနယ်ပယ်မှာ သုံးတယ်။ အဲ့ဒါတွေက အဖေက နောက်အိမ်ထောင်နဲ့ သားသမီး ထွန်းကားသည်ဖြစ်စေ၊ မထွန်းကားသည်ဖြစ်စေ မိထွေးနဲ့စတင်ပေါင်းသင်းချိန်မှာ နောက် အိမ်ထောင်နဲ့ သားသမီးထွန်းကားတွေ မထွန်းကားတာတွေ မစဉ်းစားနဲ့ဦး။ သူ့မှာသားသမီးတွေရှိခဲ့တယ်။ နောက်အိမ်ထောင်နဲ့ပေါင်းပြီး ဆိုတဲ့အချိန်တည်းက အဖေရဲ့ပါရင်းပစ္စည်း၊ အဖေပိုင်ပစ္စည်းမှာ သားသမီးတွေ အထက်သားသမီးလို့ပြောတယ် ၄ ပုံ ၃ ပုံရသွားမယ်။ နောက်အိမ်ထောင်သားသမီးက ၄ ပုံ ၁ ပုံပဲ ရမယ်။ နောက်တဆက်တည်းပဲ သူတို့နှစ်ယောက် ပေါင်းသင်းနေချိန်မှာ ပစ္စည်းတွေက ထွန်းကားသေးတာပေါ့။ ဒုတိယ အိမ်ထောင်နဲ့တင် တိုးပွားမယ်ဆိုလို့ရှိရင်တော့ အဲ့ဒီပစ္စည်းမှာ အဖေသေသွားပြီး အဖေနဲ့မိထွေးနဲ့နေချိန်မှာ တိုးပွားတဲ့ပစ္စည်း။ အဲ့ဒါလေးကျတော့ အချိုးက ပြောင်းသွားပြီး မိထွေးက သူ့ကိုယ်တိုင်ပါတဲ့အတွက် ၈ ပုံ ၇ ပုံ ရသွားမယ်။ ဟိုအထက်သားသမီးက ၈ ပုံ ၁ ပုံရမယ်၊ အဲ့လိုလေး အစဉ်အလာရှိတဲ့အခါကျတော့ အထက်သား သမီးတွေ။ ဒီကြားထဲမှာမှ မိထွေးပါသေသွားပြီး အမွေမခွဲခင် ဟိုမှာ အထက်သားသမီး၊ ဒီမှာ အောက်သားသမီး တွေရှိတယ် သူတို့ချင်းကော။ ဒါဆိုရင်တော့ အထက်ပြောခဲ့တဲ့ အမွေပုံတွေနဲ့ခြားနားသွားမယ် အခွင့်အရေးက တော့ အပြည်အဝရရှိမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024