Home
မြန်မာသတင်း
လူဦးရေ စာရင်းကောက်ယူရာတွင် လှိုင်သာယာပြည်သူများ ပူးပေါင်းပါဝင်ရန် ကော်မရှင်ပြော
ဇေယျာချမ်းအေး
·
July 20, 2019
လှိုင်သာယာမြို့နယ်အတွင်း လူဦးရေစာရင်းကောက်ယူရာမှာ ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ လှိုင်သာယာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတွေက ပြောပါတယ်။ လှိုင်သာယာမြို့နယ်မှာနေထိုင်တဲ့ လူဦးရေစာရင်းကို ဇူလိုင် ၂၂ ရက်နေ့ကစပြီး ရွေးကောက်ပွဲကော်မရှင်က စာရင်းကောက်တော့မှာပါ။ လူဦးရေ စာရင်းကောက်ပြီးရင် အဲဒီအထဲက အသက် ၁၈ နှစ်ပြည့်ပြည့်ပြီး မဲပေးနိုင်သူစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဆက်လက်ပြုစုသွားမှာ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းမှာ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူ ၆ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အခုလက်ရှိမှာတော့ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူ ၁ သန်းနီးပါးရှိနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေက ဆိုပါတယ်။ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်သူ လူဦးရေ အဆမတန်များပြားနေတာ၊ တရားမဝင် ကျူးကျော်ရပ်ကွက်တွေ ရှိနေတာ၊ ရွှေ့ပြောင်းနေထိုင်သူ၊ ရွှေ့ပြောင်းလုပ်သားတွေ များပြားနေတာတွေကြောင့် ပြည်သူတွေ မပူးပေါင်းရင် စားရင်းမှန်ရဖို့ခက်တယ်လို့ လှိုင်သာယာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သောင်းက ပြောပါတယ်။ လှိုင်သာယာမြို့နယ်အတွင်း နေထိုင်ပြီး သန်းခေါင်စာရင်းမရှိသူတွေကို ယာယီသန်းခေါင်စာရင်းတွေ ထုတ်ပေးဖို့ အစီအစဉ်ရှိတယ်လို့ ဦးစီးအရာရှိ ဦးရဲကျော်က ပြောပါတယ်။ မြို့နယ်အတွင်း နေထိုင်သူတွေအနေနဲ့ ဇူလိုင် ၂၂ ရက်နေ့ နောက်ပိုင်းကစပြီး မိမိဆီကို လူဦးရေစာရင်းကောက်ယူသူတွေ မလာဘူးဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေကို ဆက်သွယ်ပြီး စာရင်းဖြည့်သွင်းဖို့ ကြိုးစားသင့်တယ်လို့ ဦးကျော်သောင်းက ဆိုပါတယ်။ လှိုင်သာယာမြို့နယ်ဟာ မြောက်ပိုင်းခရိုင် ရှစ်မြို့နယ်ထဲက လူဦးရေ အထူထပ်ဆုံးမြို့နယ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က လူဦးရေစာရင်း ကောက်ယူတာကို ဇွန်၊ ဇူလိုင်၊ သြဂုတ် သုံးလအတွင်း အပြီးဆောင် ရွက်ဖို့ ပြင်ဆင်ထားတာပါ။ ဒါပေမယ့် လှိုင်သာယာမြို့နယ်မှာ လက်ရှိအချိန်ကနေ သြဂုတ်လကုန်အတွင်း အချိန် တလခွဲလောက်မှာ စာရင်းမှန်ကောက်ယူဖို့ ခက်ခဲနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024