Sunday, June 11, 2023
Homeမွနျမာသတငျးဖောင်းပြင်တွင် တုပ်ကွေးရောဂါဖြစ်ပွားသူများပြား၊ ကျန်းမာရေးဝန်ထမ်း မလုံမလောက်ဖြစ်နေ

ဖောင်းပြင်တွင် တုပ်ကွေးရောဂါဖြစ်ပွားသူများပြား၊ ကျန်းမာရေးဝန်ထမ်း မလုံမလောက်ဖြစ်နေ

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့မှာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက စလို့ တုပ်ကွေးဖြစ်ခဲ့ပြီး လက်ရှိမှာတော့ မြို့လူဦးရေ အတော်များများ တုပ်ကွေးရောဂါ ဖြစ်နေလို့ ကျန်းမာရေးဝန်ထမ်း မလုံမလောက်ဖြစ်နေပါတယ်။

လတ်တလောအဖြစ်များနေတာက ဆင်တုပ်ကွေး မျောက်တုပ်ကွေးတွေဖြစ်ပြီး ကလေး၊ လူကြီးပါမကျန်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။ တုပ်ကွေးကြောင့် ဖျားနာသူများပေမယ့် ကုသပေးမယ့် ဆရာ၊ ဆရာမအင်အား မမျှတဘဲ အခက်အခဲတွေရှိနေပါတယ်။

ဒါ့အပြင် မြို့နယ်ကုသရေးဦးစီးမှူးကလည်း ဆေးကုသခွင့် လိုင်စင်မရှိတဲ့ တခြား ကျန်းမာရေးဝန်ထမ်းတွေကိုပါ မကုသကြဖို့နဲ့၊ ကုသမယ်ဆိုရင် ဖမ်းရလိမ့်မယ်လို့ ပြောဆိုတဲ့ အသံဖိုင်တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

ဖောင်းပြင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထွန်းက  “သူတို့ပြောတာတော့ ဆင်တုပ်ကွေး၊ မျောက်တုပ်ကွေးဆိုလားဗျာ။ ကျနော်ကတော့ အဆစ်အမြစ်တွေကိုက်ခဲပြီး ထိုင်ရာက မထချင်နဲ့ တော်တော်ခံစားရတယ်။ တချို့လည်း မျောက်တုပ်ကွေးဆိုလား ယားတာတဲ့ ကုပ်နေရတာ။ မြို့ရဲ့ လူဦးရေ ထက်ဝက်ကျော် ဖြစ်နေတယ်။ ၁၀ အိမ်မှာ ၈ အိမ်လောက်က ဖျားနာကြတာပဲ။ လူသေဆုံးမှုတော့ မရှိပေမယ့် ဆရာဝန်အင်အား မလုံလောက်တော့ တော်တော်အခက်အခဲဖြစ်နေတယ်။ မြို့နယ်မှာဆိုရင် မြို့နယ်ကျန်းမာရေးမှူး ဆရာဝန်မကြီး တယောက်တည်း ရှိပါတယ်။ လက်ထောက်ဆရာဝန်တွေ လုံးဝမရှိပါဘူး။ အတတ်နိုင်ဆုံးတော့ ရှိတာနဲ့ ကုသပေးနေတာကြတာပဲ။ ကျန်းမာရေးဌာနရဲ့ လုပ်ထုံးလုပ်နည်းအရလည်း ဆ/မ မရှိရင် မကုဖို့ မြို့နယ်ကုသရေးက အခုလိုအချိန်မှာ ပိတ်တော့ အခက်အခဲရှိတာပေါ့။ တန်းစီပြီး စောင့်နေကြရတာ။ တချို့ဆို မနက်ကတည်းက ထမင်းထုပ်နဲ့ စောင့်ရတဲ့သူတောင်ရှိတယ်။ ဆေးရုံမှာလည်း ဝင်လိုက်ထွက်လိုက်နဲ့။ ဆိုးတာက ပြင်ပလူနာဌာန မဖွင့်ဘဲထားတော့ ခက်တာပေါ့။ ကျန်းမာရေးဝန်ထမ်းအခက်အခဲကတော့ တိုင်းဒေသကြီးအစိုးရကို ဒေသခံ တိုင်းလွှတ်တော်အမတ် ၂ ယောက်တိုင်ပင်ပြီး တင်ပြဖို့ လုပ်ဆောင်နေပါတယ်’’ လို့ပြောပါတယ်။

လတ်တလောအနေအထားအရ တုပ်ကွေးရောဂါက ကျေးရွာတွေထက် မြို့ပေါ်မှာ အဖြစ်များနေတာပါ။ ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး မြို့နယ်ဆရာဝန်ကြီးကို ဆက်သွယ်လို့ မရသေးပါဘူး။

ဖောင်းပြင်မြို့မှာ ဖြစ်ပွားနေတဲ့ တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်း၊ ဆေးဝါး စတဲ့ အခြေအနေတွေကို သက်ဆိုင်ရာ တိုင်းကျန်းမာရေးဌာနနဲ့ ညှိနှိုင်းပြီး အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးက ပြောပါတယ်။

ဖောင်းပြင်မြို့နယ်မှာ ကုတင် ၅၀ ဆံ့မြို့နယ်ဆေးရုံ ၁ ရုံ၊ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံ ၂ ရုံရှိပါတယ်။ အရင်က သူနာပြုဆရာမတွေက အပြင်မှာ ဆေးကုသတာတွေရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ဆေးကုသခွင့်လိုင်စင်မရှိဘဲ ဆေးမကုကြဖို့၊ ဆေးခန်းပိတ်ကြဖို့၊ ဆက်ပြီးကုသရင် ဖမ်းမယ်ဆိုတဲ့ မြို့နယ်ဆရာဝန်ကြီးရဲ့ ညွှန်ကြားချက်ကြောင့် သူနာပြုတွေကလည်း ဆက်မကုသရဲတော့ဘဲ ကုသခွင့်လိုင်စင်ရှိတဲ့ မြို့နယ်ဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်ဆေးခန်း၊ ဆေးဗိုလ်ကြီး (စစ်တပ်)ဆေးခန်း၊ မြို့နယ်ဆေးရုံတွေကို သွားရောက်ကုသကြဖို့ စာကပ်တာတွေလည်း ရှိနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular