နိုင်ငံတ၀န်း ဇူလိုင်လအတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၅ သောင်းခန့် ရေဘေးသင့်

1.6K
နိုင်ငံတဝန်းရေကြီးရေလျှံတာတွေကြောင့် ဇူလိုင်လထဲမှာ လူပေါင်း ၅ သောင်းလောက် ရေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။
တိုင်းနဲ့ပြည်နယ် ၈ ခုမှာ ရေကြီးခဲ့တာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၁ သောင်းလောက်ဟာ ရေဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ခဲ့ရတာပါ။
ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “မနေ့က နေ့ခင်းအထိ စာရင်းအရ အိမ်ထောင်စု ၉၈၀၀ ဝန်းကျင်၊ လူဦးရေ ၄၉၀၀၀ လောက် ရေဘေးသင့်ခဲ့ပါတယ်။ ဒါက ဇူလိုင်လထဲမှာ ဖြစ်တာပါ။ ပဲခူးတိုင်း၊ မွန်၊ ချင်း၊ ကချင်နဲ့ ရခိုင်ပြည်နယ်မှာတော့ ရေကျသွားလို့ ရေဘေးရှောင်တွေ သူတို့အိမ်ကို ပြန်သွားကြပါပြီ။ လက်ရှိမှာ စစ်ကိုင်းနဲ့ မန္တလေးမှာ ရှိတယ်။ မကွေးမှာ နည်းနည်းရှိတယ်” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ ခန္တီး၊ ကသာ၊ ထီးချိုင့်နဲ့ ကန့်ဘလူမြို့နယ်တို့မှာ ရေကြီးနေပြီး လူဦးရေ ၉၅၀၀ လောက်၊ မန္တလေးတိုင်း သပိတ်ကျင်း၊ စဥ့်ကူးမြို့နယ်တို့မှာ လူဦးရေ ၅၈၀၀ လောက် ရေဘေးသင့်နေတယ်လို့လည်း သူက ပြောပါတယ်။
ဇူလိုင်လထဲမှာပဲ လူ ၃ ယောက် ရေနဲ့မျောပါ ပျောက်ဆုံးခဲ့တယ်လို့လည်း ဒေါ်ဖြူလဲ့လဲ့ထွန်းက ဆိုပါတယ်။
“ကချင်ပြည်နယ် ဆော့လော်မှာ တယောက် ပျောက်နေတယ်။ မကွေးတိုင်းထဲမှာ ၂ ယောက်ရှိတယ်။ သူတို့ကတော့ မကွေးတိုင်းမှာ ရေကြီးတဲ့ ဇူလိုင် ၁၇ ရက်မတိုင်ခင်က တောင်ကျချောင်းရေနဲ့ မျောပါသွားတာပါ” လို့ ပြောပါတယ်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေနဲ့ ရေဘေးသင့်သူတွေအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ငွေစုစုပေါင်း ကျပ် ၉၆၄ သိန်းကျော် ထောက်ပံ့ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အကူအညီလိုအပ်ရင် ဒေသအလိုက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးတွေကို ဖြစ်စေ၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်) Hot Line နံပါတ်တွေဖြစ်တဲ့ ၀၆၇- ၃၄၀၄၆၆၆၊ ၀၆၇-၃၄၀၄၇၇၇ ကိုဖြစ်စေ အကူအညီတောင်းခံနိုင်တယ်လို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားပါတယ်။