DVB Logo
Home
မြန်မာသတင်း
ရပ်ကျေး အုပ်ချုပ်ရေးမှူးများကို ဒီဇင်ဘာလထဲ ရွေးမည်
DVB
·
December 1, 2012
Donate to DVB

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ဒီဇင်ဘာလအတွင်း အသစ်ရွေးချယ် ခန့်သွားမယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။

လွှတ်တော်က ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်း ရွေးချယ်သွားမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်တာပါ။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာမှာ အများပြည်သူ သတိပြုရမယ့် အဓိကကျတဲ့ အချက်တချို့နဲ့ပတ်သက်ပြီး သီပေါမြို့နယ်ပြည်သူ့လွှတ်တော်အမတ် ဦးရဲထွန်းက အခုလို ပြောပါတယ်။

“အဓိက ဆယ်အိမ်တစု ဆယ်အိမ်တစု ရွေးတင်လိုက်တဲ့အခါမှာ သမာသမတ်ရှိတဲ့သူ၊ အများအကျိုးအတွက် သန့်သန့်ရှင်းရှင်း လုပ်ပေးချင်သူတွေပါအောင် ဂရုစိုက်ဖို့ အရေးကြီးဆုံးပဲ။ အခွင့်အရေးသမားတွေ၊ မရိုးသားသူတွေ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး အကျိုးစီးပွားရှာချင်သူတွေ မပါအောင် ရွေးပေးလိုက်ဖို့ လိုတယ်။

“ပထမဆုံး ရပ်ကွက်မှာ ရွေးကောက်ပွဲကျင်းပတဲ့ ကော်မရှင်ဖွဲ့ရမယ်။ ကော်မရှင်အဖွဲ့လူကြီးတွေက ဆယ်အိမ်တစု ဆယ်အိမ်တစု တဆက်တည်း အိမ်ထောင်စု ၁၀ စုကနေ တယောက်၊ တယောက် ရွေးရမယ်။ ဥပမာ အိမ် ၁၀၀ ရှိရင် ၁၀ ယောက် ထွက်လာမှာပေါ့။ အဲ့ ၁၀ ယောက်စုပြီး သူတို့ထဲကနေ လျှို့ဝှက်မဲစနစ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြန်ရွေးရမှာ။”

ဆယ်အိမ်တစုက တဦးရွေးချယ်ရာမှာလည်း အိမ်ရှိလူကုန် မဲပေးရွေးချယ်ရမှာ မဟုတ်ဘဲ အိမ်ထောင်ဦးစီး တဦးကပဲ လျှို့ဝှက်မဲပေး ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့ ဖွဲ့စည်းတဲ့ ရပ်ကျေးကော်မရှင်တွေ ဖွဲ့တဲ့နေရာမှာလည်း ပြည်သူတွေ ပါဝင်ဆောင်ရွက်ဖို့ လိုပြီး သက်ဆိုင်ရာ မြို့နယ်လွှတ်တော်အမတ်တွေနဲ့ တိုင်ပင် ဆောင်ရွက်သင့်ကြောင်း ဦးရဲထွန်းက ပြောပါတယ်။

မကြာသေးခင်က ပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့လွှတ်တော်ဥပဒေအရလည်း အုပ်ချုပ်ရေးမှူး ရွေးချယ်တဲ့နေရာမှာ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေဟာ လွှတ်တော်အမတ်တွေနဲ့ တိုင်ပင်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ပြဋ္ဌာန်းထားကြောင်း သိရပါတယ်။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေအရ အုပ်ချုပ်ရေးမှူး ရွေးချယ်ခံမယ်သူဟာ အချက် ၁၁ ချက်နဲ့ ပြည့်စုံရမှာဖြစ်ပြီး ဒီထဲ နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားတဲ့ နိုင်ငံသားဖြစ်ခြင်း၊ အသက် ၂၅ နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊ သင့်တင့်တဲ့ ပညာရေးရှိသူဖြစ်ခြင်း၊ စားဝတ်နေရေးဖူလုံသူဖြစ်ခြင်း၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာမှာ တဆက်တည်း အနည်းဆုံး ၁၀ နှစ် နေထိုင်သူဖြစ်ခြင်း စတဲ့အချက်တွေ ပါဝင်ပါတယ်။

တာဝန်ထမ်းဆောင်ဆဲ အစိုးရ၀န်ထမ်းတွေ အုပ်ချုပ်ရေးမှူး ၀င်ရွေးလို့မရဘဲ အုပ်ချုပ်ရေးမှူး နည်းဥပဒေအရ နိုင်ငံရေးပါတီဝင်ဖြစ်သူဟာ အုပ်ချုပ်ရေးမှူးလောင်းအဖြစ် ၀င်ရောက်အရွေးချယ်ခံလို့ ရပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ ပြည်သူနဲ့ အများဆုံးဆက်ဆံရတဲ့ အခြေခံကျတဲ့သူတွေမို့ ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တာဟာ အရေးကြီးတယ်လို့ စာရေးဆရာနဲ့ သတင်းစာဆရာ ကျော်ရင်မြင့်က ပြောပါတယ်။ ဒီလိုရွေးချယ်ရာမှာ မီဒီယာသမားတွေ အရေးပါပုံကိုလည်း ခုလို ပြောပါတယ်။

“မီဒီယာတွေက ရွေးချယ်မှုတွေ လွတ်လပ်မှုရှိ၊ မရှိ။ တရားမျှတမှုရှိ၊ မရှိ စောင့်ကြည့် ရေးသားဖော်ထုတ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဥပမာအားဖြင့် မဲပေးရွေးချယ်တဲ့နေရာမျိုးမှာ တဦးဦးကနေ ဩဇာလွှမ်းမိုးပြီး သူတို့ဖြစ်စေချင်တဲ့သူကိုဖြစ်အောင် စည်းရုံးသွေးဆောင်တာမျိုး ရှိ မရှိ အရေးကြီးပါတယ်။ လူတွေဟာ အခုထိလည်း ကြောက်နေဆဲပါပဲ။ ကြောက်နေတာ အကျင့်ပါနေတယ်။ အဲတော့ တစုံတယောက်ကနေ ခြိမ်းခြောက်ပြီး ဒါမှမဟုတ် မလျော်တာတွေသုံးပြီး သူတို့ဖြစ်စေချင်သူတွေ လက်ကိုင်တုတ်တွေကို အရေးကြီးတဲ့နေရာတွေမှာ ထားဖို့ ကြိုးစားတာမျိုး ရှိနိုင်ပါတယ်။ တကယ်တမ်းကျတော့ သူတို့ကတော့ ကြောက်စရာလည်း မလိုဘူး၊ ကြောက်လည်း မကြောက်ပါဘူး။ သူတို့က ကြည့်လည်း ကြည့်တတ်ရမယ်။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်းနဲ့ ကိုယ့်တွေ့ရှိချက်ကိုလည်း ဖော်ပြရဲရပါမယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013