A d v e r t i s e m e n t With Us

မန်းစည်ပင်ပိုင်မြေများတွင် ပြည်တွင်း၊ ပြည်ပက လုပ်ငန်းလုပ်ကိုင်လိုသူများ လျောက်ထားနိုင်

မန္တ​လေးမြို့အတွင်း စည်ပင်သာယာရဲ့ စီမံပိုင်ခွင့်ရှိတဲ့ မြေလွတ်၊ မြေလပ်နေရာတွေမှာ စီမံကိန်းတွေ ဆောင်ရွက်လိုပါက နိုင်ငံသားတွေတင်မက နိုင်ငံခြားသားတွေပါ မန္တ​လေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ စည်ပင်ပိုင်မြေနေရာ အမြောက်အမြား ကျန်ရှိနေသေးပြီး ပြည်တွင်း၊ ပြည်ပ မခွဲခြားပဲ အကျိုးတူဖြစ်စေ ပုဂ္ဂလိကဖြစ်စေ လျှောက်ထားနိုင်တယ်လို့ မန္တ​လေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ "စီမံကိန်းတွေ အဆိုပြုလို့ ရပါတယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ကန်တော်ကြီး စောင်းမှာ တချိန်တုန်းက ဝက်သက်ရုံလို့ခေါ်တဲ့ နေရာတခုရှိတယ်။ အကျယ်ကြီးပဲ အဲဒီနေရာ ဆိုလို့ရှိရင်လည်း စင်ကာပူက ကုမ္ပဏီတခုက ဟိုတယ်နဲ့ ဆေးရုံဆောက်ချင်တယ်လို့တော့ ပြောဘူးတယ်။ ဒါပေမယ့် ခုထိတော့ ဘာမှဖြစ်မလာသေးဘူးပေါ့။ နောက်တခါ ညွန့်ပေါင်းဈေး လို့ခေါ်တဲ့ မန်းရတနာဈေးပေါ့။ အဲဒီဈေးနေရာဆိုလို့ရှိရင်လည်း နေရာရှိတာပဲ၊မြို့တော်ရဲ့ တကယ့်အချက်အချာကျတဲ့ မြို့လယ်ခေါင် အဲဒီမှာရှိတယ်။ အဲဒီလိုနေရာတွေတော့ အထိုက် အလျောက် ရှိပါသေးတယ်။ အကျိုးတူ သူလည်း အကျိုးရှိအောင်၊ နောက်တခါ အစိုးရလည်း အကျိုးရှိအောင် တခုခုတော့ လုပ်ချင်တယ်ဆိုရင် လုပ်လို့ရပါတယ်''လို့ ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ လတ်တလောမှာလည်း မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် ၁ ရပ်၊ ၃၆ လမ်း၊ ၆၄လမ်းနဲ့ ၆၇လမ်းကြား၊ ရှေးမြန်မာဘုရင်လက်ထက် ဆင်ကျုံးအမည်ရှိတဲ့ ရေဝပ်ဧရိယာ ၂ဧက ကျော်ကို စီမံကိန်းအဆိုပြုတာတွေရှိတဲ့အတွက် စီမံကိန်းယှဉ်ပြိုင်အဆိုပြုလွှာတွေ ခေါ်ယူထားတယ်လို့ သိရပါတယ်။ မန္တ​လေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က "ကျနော်တို့က သူတို့တင်ထားတဲ့ စီမံကိန်းအဆိုပြုတာကို တည်ပြီးတော့ သူတို့နဲ့အတူတူယှဉ်ပြိုင်ပြီးတော့ ပိုကောင်းတဲ့ စီမံကိန်း၊ ဒါမှမဟုတ် အစိုးရအတွက် ပိုပြီးတော့ အကျိုးများစေမယ့် စီမံကိန်းမျိုး ရှိတယ်ဆိုလို့ရှိရင် ယှဉ်ပြိုင်ဆောင်ရွက်ဖို့ လက်ခံဖို့လို့အတွက် Swiss Challenge ခေါ်ထားတယ်''လို့  ပြောပါတယ်။ မန္တ​လေးမြို့အတွင်း အစိုးရပိုင် ဒါမှမဟုတ် စည်ပင်ပိုင်မြေလွတ်မြေလပ်တွေမှာ စီမံကိန်း တွေ ဆောင်ရွက်မယ်ဆိုပါက ရှေးဟောင်းသမိုင်းဝင်နေရာတွေ မပါဝင်ဖို့လိုတယ်လို့ မန္တ​လေးမြို့ခံ စာရေးဆရာ ဆရာဆူးငှက်က ပြောပါတယ်။ ဒါ့အပြင် မန္တ​လေးဟာ အပူပိုင်းဒေသမှာရှိတဲ့အတွက် မြေလွတ်မြေလပ်တွေမှာ လူထု အပန်းဖြေနိုင်တဲ့ Public Area တွေ၊ အရိပ်ရနေရာတွေ ဦးစားပေးဆောင်ရွက်သင့်တယ်လို့ ဆရာဆူးငှက်က အကြံပြုပါတယ်။ "စီမံကိန်း အကျိုးရှိတဲ့ အဆောက်အဦဖြစ်ရဲ့လား၊ ဒါကတော့ သက်ဆိုင်ရာ စည်ပင် သာယာရေး ကော်မတီ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဒီအပေါ်မှာ သူတို့ ပစ်စလက်ခတ်တော့ လုပ်မယ်မထင်ပါဘူး။ အဲ့ဒီတော့ အခြားသော အခြားသော မြို့ပေါ်မှာရှိတဲ့ အစိုးပိုင်မြေ၊ စည်ပင်သာယာရေးပိုင်မြေတွေလည်း ရှိပါတယ်၊ မြေလွတ်တွေ အများကြီးရှိပါတယ်။ ဒီမြေလွတ်တွေကလည်း တကယ်ဆိုရင် ဒီတိုင်းထားမယ့်အစား တခုစဉ်းစားဖို့က မန္တ​လေးသည် တကယ့်အပူပိုင်းဒေသမှာရှိတယ်။ နောက်တစ်ခုက မြို့ပြစီမံကိန်းမှာ လူထုနဲ့ပတ်သက်ပြီးတော့ Public Area၊ Green Land မရှိဘူး။ အဲ့ဒီတော့ မြေလွတ်တွေနေရာမှာ ခုန ပထမဦးစားပေး အနေနဲ့ မြို့လူထုအတွက် အသက်ရှူပေါက်ဖြစ်စေသော၊ အပန်းဖြေနိုင်သော ဥယျာဉ်တွေ၊ မြို့လူထု အပန်းဖြေတဲ့နေရာတွေ ပထမစဉ်းစားစေချင်တယ်''လို့ ဆရာဆူးငှက်က ပြောပါတယ်။ ၃၆ လမ်း၊၆၄ လမ်းနဲ့ ၆၇ လမ်းကြားက စီမံကိန်းနေရာအတွက် စီမံကိန်းအဆိုပြုလွှာကို ဇူလိုင် ၈ရက်နေ့ကနေ စတင်ပြီး စည်ပင်သာယာရေးကော်မတီ အဆောက်အဦနဲ့ ကုန်ရုံဌာနမှာ အဆိုပြုလွှာတစောင်ကို ကျပ် ၅၀၀၀၀ ပေးသွင်းကာ ဩဂုတ် ၅ ရက်နောက်ဆုံးထား အဆိုပြုလွှာ တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ သတင်း- ထိန်ထိန်လင်း

A d v e r t i s e m e n t With Us

More News
Up