DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း ကြေးနီစီမံကိန်းဆက်လုပ်ရေး အခြေအနေဖန်တီးပေးရန် တရုတ်တောင်းဆို
DVB
·
November 30, 2012
လက်ပန်းတောင်း ကြေးနီစီမံကိန်းဆက်လုပ်ရေး အခြေအနေဖန်တီးပေးရန် တရုတ်တောင်းဆို
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဆက်လုပ်ဖို့ သင့်တင့်လျောက်ပတ်တဲ့ အခြေအနေတရပ် ဖန်တီးပေးရန် မြန်မာလူ့အဖွဲ့အစည်း အလွှာအားလုံးကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

တရုတ်နဲ့ မြန်မာအကြား အကျိုးတူ လုပ်ကိုင်နေတဲ့ လက်ပန်းတောင်းတောင် စီမံကိန်း ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြတဲ့ သံဃာတော်တွေနဲ့ ဒေသခံတွေကို  ရဲလုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းလိုက်ပြီး နောက်မှာ ခုလို တရုတ်သံရုံးက ထုတ်ပြန်ကြေညာလိုက်တာပါ။

ဒီသဘောထားထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဂေါင်မင်ဘိုက “လွန်ခဲ့တဲ့နှစ်တွေမှာ တရုတ်နဲ့ မြန်မာအကြား အကျိုးအမြတ်ဖြစ်ထွန်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့တယ်။  နှစ်နိုင်ငံ အကျိုးရှိစေမယ့် နယ်ပယ် အတော်များများမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့ ပါတယ်။ မုံရွာကြေးနီစီမံကိန်းဟာ နှစ်နိုင်ငံ ကုမ္ပဏီတွေအချင်းချင်း အကျိုးရှိစွာ ဖက်စပ်ဆောင်ရွက်တဲ့ လုပ်ငန်းဖြစ်ပါတယ်။  ဒီကနေ နှစ်ဖက်စလုံး အကျိုးရှိမယ်လို့ ကျနော်တို့ယုံကြည်ပါတယ်။ စီမံကိန်းနဲ့ပတ်သက်တဲ့ ရွှေ့ပြောင်းမှု လျော်ကြေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး၊ အကျိုးအမြတ်ဝေခြမ်းရေးနဲ့ ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးပြီး သတ်မှတ်ထားတဲ့ ကိစ္စလို့” ဒီဗွီဘီကို ပြောပါတယ်။

ဒါ့ပြင် ဒီစီမံကိန်းဟာ မြန်မာ စည်းကမ်းဥပဒေတွေနဲ့ ကိုက်ညီတဲ့အကြောင်း၊ မြန်မာ ဥပဒေစည်းကမ်းတွေကို လေးစားလိုက်နာပြီး ဒီစီမံကိန်း အဆင်ပြေချောမွေ့စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ မြန်မာလူ့အဖွဲ့အစည်း အလွှာအားလုံးက သင့်တော်တဲ့ အခြေအနေတရပ် ဖန်တီးပေးမယ့်လို့ မျှော်လင့်တဲ့အကြောင်းနဲ့ အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားဖို့ အခိုင်အမာဆုံး ဖြတ်ထားတယ်လို့လည်း ပြောပါတယ်။

မုံရွာမြို့နယ်ထဲမှာရှိတဲ့ လက်ပန်းတောင်းတောင် စီမံကိန်းကို တရုတ်နိုင်ငံ Wanbo Maing Ltd. က အမေရိကန်ဒေါ်လာ ၉၉၉ သန်းနဲ့ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတာဖြစ်ပြီး  အကျိုးအမြတ်ကိုတော့ တရုတ်ကုမ္ပဏီက ၁၃ ဒဿမ ၃၃ ရာခိုင်နှုန်းကျော်၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ၁၃ ဒဿမ ၈ ရာခိုင်နှုန်းနဲ့ မြန်မာအစိုးရက ၁၆ ဒဿမ ၈ ရာခိုင်နှုန်း ခွဲဝေယူဖို့ သဘောတူထားတာပါ။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်ကတော့   ဆန္ဒပြမှုတွေကြောင့် လက်ပန်းတောင်းတောင်စီမံကိန်းကို နိုဝင်ဘာ ၁၈ ရက်နေ့ကတည်းက ရပ်ထားရပြီး တလလျှင် အမေရိကန် ဒေါ်လာ ၂ သန်းဆုံးရှုံးနေကြောင်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ထုတ်ဖော်ပြောကြားထားပါတယ်။

ဒီစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဘာသာရေးနဲ့ဆိုင်တဲ့ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိနေတယ်ဆိုပြီး  ဒီစီမံကိန်းလုံးဝရပ်ပေးဖို့ သံဃာတော်တွေနဲ့ ဒေသခံရွာသားတွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ဆက်တိုက်  တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013