Home
မြန်မာသတင်း
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ၄ ဦးကို အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်အရေးယူ 
DVB
·
July 17, 2019
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ကာကွယ်ရေး ဦးစီးချုပ်အပါအ၀င် ၄ ဦးကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်အရေးယူ လိုက်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အမှတ်(၉၉)ခြေမြန်တပ်မဌာနချုပ်တပ်မမှူး ဗိုလ်မှူးချုပ်သန်းဦး၊ အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်တပ်မမှူး ဗိုလ်မှူးချုပ် အောင်အောင်နဲ့ သူတို့ရဲ့ မိသားစုတွေကို အမေရိကန်ကို ၀င်ခွင့်ပြုမှာ မဟုတ်ဘူးလို့  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက ဇူလိုင် ၁၆ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေ အပါအ၀င် အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အဆိုပါ ပုဂ္ဂိုလ်တွေဟာ တာဝန်ရှိတယ်ဆိုပြီး အမေရိကန်က အရေးယူလိုက်တာလို့ ဆိုပါတယ်။ အဆိုပါပုဂ္ဂိုလ်တွေဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့တဲ့    ခိုင်လုံတဲ့ သတင်းအချက်အလက်တွေ အပေါ်မူတည်ပြီးအရေးယူခဲ့တာဖြစ်ပြီး အမေရိကန်အစိုးရဟာ မြန်မာတပ်မတော်ရဲ့ ထိပ်ဆုံးတာဝန်ရှိသူတွေကို ခုလို လူသိရှင်ကြား အရေးယူလိုက်တဲ့  ပထမဆုံးအစိုးရဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီလိုလူ့အခွင့်ရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့သူတွေကို    အရေးယူမှုမရှိတာနဲ့ နိုင်ငံတ၀န်း မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေလုပ်နေတဲ့ သတင်းတွေဆက်လက် ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး အမေရိကန်က စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။  ဒ့ါ့အပြင် အင်ဒင်းရွာလူသတ်မှုနဲ့ ပတ်သက်ပြီး အပြစ်ပေးထောင်ချခံထားရသူတွေကို ကာကွယ်ရေးဦးစီးချုပ်က ပြန်လွှတ်ပေးခဲ့တာဟာ တာဝန်ယူတာဝန်ခံမှု ကင်းမဲ့တာကို ပြသတဲ့ စံနမူနာတခုလို့လည်းဆိုပါတယ်။ ဥရောပသမဂ္ဂ(အီးယူ)ကလည်း  ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ တပ်မတော်အရာရှိ ၅ ဦးနဲ့ ရဲအရာရှိကြီး ၂ ဦးတို့ ကို ပိတ်ဆို့အရေးယူကြောင်း ဇွန်လ ၂၅ ရက် က ထုတ်ပြန်ထားပါတယ်။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနယ်မြေမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး တပ်မတော်ကဖွဲ့စည်းထားတဲ့   စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ကလည်း ကွင်းဆင်း စစ်ဆေးမှုတွေပြုလုပ်နေပါတယ်။    ဓာတ်ပုံ-DW
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024