DVB Logo
Home
မြန်မာသတင်း
လက်ပန်းတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်း ဖြိုခွင်းခံရ
DVB
·
November 29, 2012
လက်ပန်းတောင်း ကြေးနီစီမံကိန်း ဖျက်သိမ်းရေး သပိတ်စခန်း ဖြိုခွင်းခံရ
Donate to DVB

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေကြတဲ့ သပိတ်စခန်းတွေကို ရဲက အရုဏ်မတက်ခင် အင်အားသုံး ဖြိုခွင်းလိုက်လို့ သပိတ်စခန်း အကုန်ပျက်ပြီး သံဃာတော် အတော်များများ ဒဏ်ရာရသွားပြီး ၇ ပါး ဖမ်းခံရပါတယ်။

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းတ၀ိုက် စခန်းချထားတဲ့ သပိတ်စခန်းတွေကို နိုဝင်ဘာ ၂၉ ရက် မနက် ၃ နာရီမထိုးခင်မှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲရာမှာ နာရီဝက်အတွင်း သပိတ်စခန်းတွေ အကုန် ပျက်ကုန်ပါတယ်။  သံဃာတပါး မန္တလေးဆေးရုံ တင်ရသလို ကျန်သံဃာအပါး ၅၀ ကျော်လည်း ထက်မနည်း အရေးပြာတွေလောင်ကျွမ်းလို့ မုံရွာဆေးရုံမှာ ကုသရပါတယ်။

ဆေးရုံပေါ်ရောက်နေတဲ့ ဒီဗွီဘီသတင်းထောက် မတင်မာဆွေက “၃ ဂိတ်စလုံးကို ပထမဆုံး သတိပေးတယ်။ သတိပေးပြီး မရတော့ မီးသတ်ကားက ရေတွေနဲ့ ပက်တယ်။ မဆုတ်ဘဲ ဘုန်းကြီးတွေက မေတ္တာသုတ်တွေ ရွတ်တော့ သူတို့ မီးကျည်တွေနဲ့ ပစ်တယ်။ သံဃာတော်တွေရဲ့ သင်္ကန်းတွေ မီးလောင်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရကြတယ်။ လူတွေလည်း ဒဏ်ရာရကြတယ်။ ပစ္စည်းတွေလည်း မီးကျည်တွေကြောင့် တဲတွေ၊ သင်္ကန်းတွေ အကုန်လုံး မီးလောင်ကျွမ်းကုန်တယ်။ အခုလောလောဆယ် ထိခိုက်ဒဏ်ရာရတဲ့ သံဃာက ၅၀ လောက်ရှိတယ်။ လူတွေလည်း ဒဏ်ရာရတယ်။ စိုးရိမ်ရတဲ့ သံဃာတော်တွေက မြို့မရွှေဂူကျောင်းတိုက်က ဆရာတော်တပါးရယ်၊ ပခုက္ကူအလယ်တိုက်ကျောင်းက ဆရာတော်တပါးရယ်က အခု အရေးပေါ် ခွဲစိတ်ကုသပေးနေရတယ်။ သူတို့ခြေထောက်တွေက မီးကျည်လောင်ကျွမ်းမှုကြောင့် ခြေဖ၀ါးကနေစပြီး အရေပြားတွေ အကုန်လန်ကျနေတယ်။”

ပြည်ထဲရေးဝန်ကြီးဌာနက ဒီသပိတ်စခန်း ၆ ခုကို ဖယ်ပေးဖို့နဲ့ မဖယ်ရင် ကိုင်တွယ်ဆောင်ရွက်မယ်လို့ ပြောပြီး ရက်ပိုင်းအကြာမှာ ဖြိုခွင်းလိုက်တာဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်က သပိတ်စခန်းမှာ ဆန္ဒပြသူတွေကို သွားရောက်တွေ့ဆုံမယ့်နေ့ မနက် အရုဏ်မတက်ခင် ဖြစ်ပွားခဲ့တာပါ။

စခန်းတွေမှာ သံဃာတော်တွေ၊ ဒေသခံရွာသားတွေနဲ့ ကျောင်းသားတွေ စုပေါင်း လူခွဲနေထိုင်ကြတာဖြစ်ပြီး အဓိကအားဖြင့် သပိတ်စခန်း ၃ ခုကို အချိန်ကိုက် ရဲက ရေနဲ့ ထိုး၊ မီးခိုးထွက်တဲ့ဗုံးတွေနဲ့ အင်အားသုံးပြီး ဖြိုခွင်းခဲ့တာကြောင့် ၁၅ မိနစ်အတွင်း ကစဥ့်ကလျားဖြစ်ကုန်သလို သပိတ်စခန်းတွေ အကုန်လုံးပြိုကွဲခဲ့ရတယ်လို့ ကာယကံရှင် တွေက ပြောပါတယ်။

ဒီနောက် ရဲတွေက သပိတ်စခန်းတွေကို မီးရှို့သလို အနီးအနားက ဆိုင်ကယ်တချို့နဲ့ ကားတချို့လည်း မီးရှို့ခံရတယ်လို့ ဆိုပါတယ်။

ဒီကြေးနီစီမံကိန်းကို တရုတ်ကုမ္ပဏီက ၆ ပုံ ၄ ပုံ၊ တပ်မတော်သား အစုရှယ်ယာတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာ့ဦးပိုင်ကုမ္ပဏီက ၂ ပုံနဲ့ နိုင်ငံတော်က ၂ ပုံ အကျိုးခံစားနေကြတာဖြစ်ပါတယ်။

ရွာသားပိုင်မြေတွေ သိမ်းပိုက်တာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးတာနဲ့ သာသနိက အဆောက်အဦတွေ ပျက်စီးတာတွေကိုထောက်ပြပြီး စီမံကိန်းရပ်ဖို့ တောင်းဆိုနေကြတာပါ။

မနက်က နှိမ်နင်းမှုမှာ မီးခိုဗုံးနဲ့ မျက်ရည်ယိုဗုံးသုံးတယ်လို့ အစိုးရဘက်က ပြောထားပြီး ထိခိုက်ဒဏ်ရာရသူစာရင်းကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ အဲဒီဗုံးအမျိုးအစားတွေကို ကြုံတွေ့ဖူးပေမယ့် ညကနဲ့ မတူဘူးလို့ ၀မ်ပေါင်ရုံးရှေ့သပိတ်စခန်းမှာ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ကိုဝင်းကျော့မှူးက ပြောပါတယ်။

“နံပါတ်တစ်က မျက်ရည်ယိုဗုံး မဟုတ်ဘူးဗျ။ မီးခိုးတွေ လှိုင်ပြီး ထွက်လာတယ်။ တယောက်နဲ့ တယောက် မတွေ့ဘူး။ နောက် ပစ်လိုက်တဲ့ ဗုံးခေါ်ခေါ် ကျည်ဆန်ခေါ်ခေါ် ပစ်လိုက်ရင် ဟိုကတစ ဒီကတစ လောင်တာ။ အခု ဆေးရုံရောက်တဲ့ လူနာတွေအားလုံးက အရေပြားမှာ အကုန်လောင်ပြီး ရောက်တာ။ သံဃာတော်တွေမှာ ထိပြီး စွန်းတဲ့ အကွက်အကွက်လေးတွေက နေပူထဲ ထားလိုက်ရင် အငွေ့လေးတွေထွက်နေတယ်။ ဖြစ်နေတဲ့ ၁၅ မိနစ်အတွင်းမှာ သူတို့ပစ်တာ။ ကျနော်တို့ ဓာတ်ပုံရိုက်ထားတာရှိတယ် မီးလောင်တိုက်သွင်းတာ။”

သံဃာတပါးက “ဦးဇင်းရှေ့က မြင်လိုက်ရတဲ့ ဦးဇင်းတပါးဆို မှန်လိုက်တာနဲ့ ၀တ်ထားတဲ့ သင်္ကန်းက အပေါ် အောက် တခါထဲ ကြွေကျသွားတာ။ ဦးဇင်းတို့ အံ့ဩသွားတာ။ ဒါ မီးခိုးဗုံးမဟုတ်ဘူး၊ မီးလောင်ဗုံး။ အဲမှာ ကျလာတာတွေကနေ အကုန် မီးထလောင်တာ။”

ပစ်ခတ်နှိမ်နင်းတဲ့ ဗုံးအမျိုးအစားနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် ဓာတုဗေဒဌာန အငြိမ်းစားပါမောက္ခ ဒေါက်တာခင်မောင်ညိုက လူနာတွေရဲ့ဒဏ်ရာနဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ မီးလောင်ဗုံးအမျိုးအစား ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။

မုံရွာကြေးနီစီမံကိန်းဟာ လက်ပန်းတောင်းတောင်နဲ့ ကြေးစင်တောင်စီမံချက်တွေ ပေါင်းစုထားတာဖြစ်ပြီး စစ်ကိုင်းတိုင်းအနောက်မြောက်ဘက်မှာရှိပါတယ်။

ဒီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ တရုတ်နိုင်ငံရဲ့ ၀မ်ပေါင်သတ္တုတူးဖော်ရေးလီမီတက်နဲ့ ယန်ဇဲသတ္တုတူးဖော်ရေးလီမီတက်တို့က ၂၀၁၀ ခုနှစ် မတ်လမှာ သတ္တုတွင်းဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

တောင်ကြားမှာရှိတဲ့ သပိတ်စခန်းက အခြေအနေကတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ဘုန်းကြီးတွေ ညှိနှိုင်းပြောဆိုနေစဉ်မှာ နောက်တဖွဲ့တက်လာပြီး ပစ်သွားတာလို့ သံဃာတော်တပါးက ပြောပါတယ်။

“လူခွဲတာလည်း ဦးဇင်းတို့ကို လူတွေကို သုံးနှုန်းသလိုပေါ့ အကုန်လုံးကို။ ဘယ်လိုပြောလဲဆိုတော့ သတ်မှတ်ထားတဲ့ ၁၄၄ နယ်မြေထဲကို မင်းတို့ဘာသာ ၀င်ခဲ့လို့ မင်းတို့အပြစ်နဲ့မင်းတို့ခံရတာဆိုပြီး ပြောရင်း ခွဲရင်းနဲ့ နောက်ကလိုက်ခွဲတာ။ ဆင်းရတာလည်း မလွယ်ဘူးလေ၊ မြေတွေနင်းရတာ ကျဉ်းကျဉ်းလေး။ ဆင်းနေတုန်း ပစ်မယ်ဆိုပြီး မြောက်ဘက်ကို လှမ်းပစ်တယ်၊ လူအုပ်ဆီလည်း လှမ်းပစ်တယ်။ စဖြစ်ဖြစ်ချင်း ရဲတွေဘက်ကပ်ပြေး၊ နောက် လမ်းဘေးတိုးပြီး လူအုပ်ကြီးလိုက် ပြေးရတယ်။ အဲမှာလည်း နောက်ကနေ လိုက်လာတယ်၊ ကားနဲ့ရော ကားပေါ်ကလည်း လှမ်းပစ်တာ။”

အခင်းဖြစ်ပွားပြီးတဲ့နောက် ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ၀မ်ပေါင်ရုံးရှေ့မှာ မနက်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ပြောဆိုရာမှာ တွေ့ခွင့်မရခဲ့ပါဘူး။

သီတင်း ၁ ပတ်ကြာမြင့်ခဲ့တဲ့ သပိတ်စခန်းတွေမှာ စီမံကိန်းအနီး လယ်သိမ်းခံတဲ့ ရွာသားတွေအပါအ၀င် သံဃာတွေနဲ့ ကျောင်းသားတွေက သပိတ်စခန်းဖွင့်လှစ်ပြီး ဆန္ဒပြပွဲကို အရှိန်မြှင့်တင်ခဲ့တဲ့နောက် စီမံကိန်းလုပ်ငန်းတွေ ရပ်တန့်ခဲ့ပါတယ်။ ရန်ကုန်မှာလည်း လက်ပန်းတောင်းတောင် စီမံကိန်းရပ်တန်ဖို့ ဆန္ဒပြပွဲဖြစ်ခဲ့ရာမှာ ဆန္ဒပြခေါင်းဆောင်တွေကို အစိုးရက ဖမ်းဆီးတရားစွဲဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့ လွှတ်တော်မှာ ဒီစီမံကိန်းနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့ အဆိုကို အတည်ပြုခဲ့သလို ညနေပိုင်းမှာတော့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သပိတ်စခန်းသွားပြီး တရုတ်နဲ့ လုပ်တဲ့ စီမံကိန်းရပ်တန့်ဖို့ကိစ္စ အခက်အခဲကို ရှင်းပြသလို ဆန္ဒပြသမားတွေကလည်း စီမံကိန်းရပ်ဖို့ လိုလားတယ်ဆိုတာကို တင်ပြလိုက်ကြပါတယ်။
မနက်က စီးနင်းစဉ်မှာ ဖမ်းဆီးခံရတဲ့ သံဃာ ၇ ပါးကိုလည်း ညနေ ၅ နာရီမှာ မုံရွာထောင်ကနေ ပြန်လွတ်လာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013