ရုရှား လွှတ်တော်ရွေးကောက်ပွဲတွင် အတိုက်အခံများအပေါ် ကန့်သတ်ချက်များအား ဆန္ဒပြ

ရုရှားနိုင်ငံမြို့တော် မော်စကို ဒေသန္တရ လွှတ်တော်ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ကိုယ်စားလှယ်တွေ ဝင်ပြိုင်လို့မရအောင် တားမြစ်ပိတ်ပင်မယ့် ကန့်သတ်ချက်တွေကို ဇူလိုင် ၁၄ ရက်က လူတထောင်ကျော် ဆန့်ကျင် ဆန္ဒပြကြပါတယ်။ ကိုယ်စားလှယ်လောင်း အများစုဟာ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးကောက်ပွဲဝင်ဖို့ လိုအပ်တဲ့ လက်မှတ်တွေ ပြည့်မီအောင် မရထားဘူးလို့ ရုရှား ရွေးကောက်ပွဲကော်မရှင်က ပြောအပြီးမှာ အတိုက်အခံ ခေါင်းဆောင်တွေက အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ခဲ့ကြပါတယ်။ အမတ်နေရာ ၄၅ နေရာရှိတဲ့ လွှတ်တော်အတွက် စက်တင်ဘာ ၈ ရက်မှာ မဲပေးဖို့ ကိုယ်စားလှယ်လောင်းအဖြစ် တရားဝင်တဲ့ လူစာရင်းကို ကော်မရှင်က တရားဝင် မကြေညာရသေးပါဘူး။ သမ္မတ ဗလာဒီမီယာ ပူတင်ကို ဝေဖန်သူ အီလီယာ ယာရှင်နဲ့ တခြား တက်ကြွလှုပ်ရှားသူ အတော်များများက မဲရှင်တွေနဲ့အတူ တနင်္ဂနွေနေ့မှာ အစည်းအဝေးလုပ်ဖို့ ဆော်သြခဲ့ပါတယ်။ အစည်းအဝေးကတဆင့် ချီတက်ပွဲ ဖြစ်လာခဲ့ပြီး မော်စကို မြို့တော်ဝန်ရုံးကတဆင့် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဌာနချုပ်ဆီ ချီတက်ခဲ့ကြပါတယ်။ ယာရှင်ကို ထောက်ခံတဲ့လက်မှတ် အများအပြားက အကြံအဖန် လုပ်ထားတာဆိုတဲ့  ကော်မရှင်ရဲ့ စွပ်စွဲချက်ဟာ လုံးဝ လိမ်လည်မှုလို့လည်း ယာရှင်က ပြောပါတယ်။ ယာရှင်နဲ့ ရှေ့နေတယောက် အပါအဝင် ဆန္ဒပြသူ ၃၈ ယောက် အဖမ်းခံရတယ်လို့ မေဒူဇာ သတင်းဌာနက ပြောပါတယ်။ ရုရှားအစိုးရကို ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ လွှတ်တော်အတွက် ဒါမှမဟုတ် သမ္မတရုံးအတွက် ဝင်ပြိုင်ခွင့်မရအောင် ငြင်းပယ်တဲ့ သမိုင်းကြောင်းလည်း ရုရှားမှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up