DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများကို ပိုမိုပါဝင်ခွင့်ပေးရန် တောင်းဆို
DVB
·
November 29, 2012
Donate to DVB

ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးထုကို ပိုမိုပါဝင်လုပ်ကိုင်ခွင့် ပေးသင့်တယ်လို့ ကရင်အမျိုးသမီးတွေ က စုပေါင်းတောင်းဆိုလိုက်ပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ ၃ ရက်ကြာ ကျင်းပတဲ့ ကရင်အမျိုးသမီးအဖွဲ့အစည်းတွေ ရဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးတွေရဲ့ပါဝင်မှုတွေကို အဓိကထား ဆွေးနွေးခဲ့ကြပြီး တောင်းဆိုလိုက်တာလို့  ကရင်အမျိုးသမီးအစည်းအရုံးရဲ့ အတွင်းရေးမှူး နန်းဒါးအဲ့ ကလယ်က ပြောပါတယ်။

“အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပြန်ကြည့်လိုက်ရင် ကျမတို့ အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အစိတ်အပိုင်း တချို့သောနေရာတွေမှာ ပါဝင်ပေမယ့် ဆုံးဖြတ်တဲ့နေရာတွေမှာတော့ မပါဝင်သေးဘူး။ ကျမတို့ ပါဝင်လာနိုင်အောင် စည်းရုံးလှုံ့ဆော်မှုတွေလုပ်မယ်။ စည်းရုံးလှုံ့ဆော်မှုကတော့ အဓိက ကျမတို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်အမှတ် ၁၃၂၅ ကို အဓိက တင်ထားမယ်။ ကျမတို့တောင်းဆိုမှာက ဆုံးဖြတ်ချက်ချတဲ့နေရာ အဆင့်အတန်းမှာ ကျမတို့ အမျိုးသမီးတွေပါဝင်မှု လိုချင်တယ်၊ တောင်းဆိုချင်တယ်။ တောင်းဆိုမှာက မြန်မာအစိုးရလည်းပါမယ်၊ ကေအန်ယူအစိုးရလည်း ပါမယ်။”

နိုဝင်ဘာ ၂၄ ကစပြီး ၃ ရက်ကြာကျင်းပတဲ့ အဲဒီဆွေးနွေးပွဲကို ကျန်းမာရေး၊ လူမှုရေးနဲ့ ပညာရေး အစရှိတဲ့ နယ်ပယ်အသီးသီးက ကရင်အမျိုးသမီး ၄၀ ကျော် တက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခဲ့တဲ့  ကရင်အမျိုးသမီးထုရဲ့ ကဏ္ဍကို ပြန်လည်သုံးသပ် ခဲ့သလို ရှေ့ဆက်လုပ်ဆောင်နိုင်မယ့် အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

“ကျမတို့ အမျိုးသမီးတွေက ဆုံးဖြတ်ချတဲ့နေရာမှာ၊ ခေါင်းဆောင်မှုပြုတဲ့နေရာမှာ နောက် ကျမတို့အသံတွေ နားထောင်ဖို့ ဆွေးနွေးပွဲလုပ်တဲ့အချိန်မှာ ကျမတို့အမျိုးသမီးတွေရဲ့ အင်အားပိုပါနိုင်အောင် အလေးထားစေချင်တယ်။ လက်နက်ကိုင်အဖွဲ့နဲ့ အစိုးရအကြားပြောနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒုက္ခသည်တွေ ပြန်လည်ပို့ဆောင်တဲ့အခန်းကဏ္ဍကလည်း အစိတ်အပိုင်းတခုဖြစ်တယ်။ ဒုက္ခသည်တွေပြန်ပို့တဲ့နေရာမှာ အမျိုးသမီးတွေကလည်း ဦးဆောင်ပြုတဲ့နေရာတွေ၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ နေရာတွေမှာ ပါဝင်နိုင်အောင်။”

ဒါ့အပြင် ဒီတွေ့ဆုံဆွေးနွေးပွဲမှာပဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုလမ်းစဉ်မှာ လက်တွဲ ပါဝင်လုပ် ကိုင်မယ့် ”ငြိမ်းချမ်းရေးအတွက် ကရင်အမျိုးသမီးများ” လို့ အမည်ပေးထားတဲ့ အလုပ်အဖွဲ့ တဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013