မာရက်ဇ်၏ နောက်ကျသွင်းဂိုးဖြင့် အယ်လ်ဂျီးရီးယားအသင်း အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲတက် (ရုပ်သံ)

အာဖရိကနိုင်ငံများဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် အယ်လ်ဂျီးရီးယားနဲ့ နိုင်ဂျီးရီးယားတို့ မနေ့ကယှဉ်ပြိုင်ရာ အယ်လ်ဂျီးရီးယားက နှစ်ဂိုး တဂိုးနဲ့နိုင်ပြီး နောက်ဆုံးဗိုလ်လုပွဲ တက်လှမ်းသွားပါတယ်။ အယ်လ်ဂျီးရီးယားအသင်းမှာ မာရက်ဇ်၊ ဖီဂူလီတို့ ဦးဆောင် ပွဲထွက်လာသလို နိုင်ဂျီးရီးယားကလည်း အိုင်ဝိုဘီ၊ မူဆာ၊ အစ်ဂ်ဟာလိုတို့နဲ့ ဦးဆောင်လာပါတယ်။ နှစ်သင်း ဘောလုံးပိုင်ဆိုင်မှု မတိမ်းမယိမ်းရှိခဲ့ပြီး ထိုးဖောက်ကန်သွင်းရာမှာတော့ နိုင်ဂျီးရီးယားက အနည်းငယ် အသာရခဲ့ပါတယ်။ ပွဲချိန် မိနစ် ၄၀ မှာ နိုင်ဂျီးရီးယားနောက်ခံလူ ကိုယ့်ဂိုးကိုယ်သွင်းမိလို့ ပထမပိုင်းမှာ အယ်လ်ဂျီးရီးယားက တဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ပွဲချိန် ၇၂ မိနစ်မှာ နိုင်ဂျီးရီးယား ပယ်နယ်တီကန်ခွင့် ရခဲ့ပြီး တိုက်စစ်မှူး အစ်ဂ်ဟာလို အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပနိုင်ခဲ့ပါတယ်။ တဖက်တဂိုးစီနဲ့ ပွဲပြီးမလိုဖြစ်နေရာက လက်ကျန်ပွဲချိန် နောက်ဆုံးမိနစ်မှာ အယ်လ်ဂျီးရီးယားအသင်း ပြစ်ဒဏ်ဘော ကန်ခွင့်ရခဲ့ပြီး မာရက်ဇ် နိုင်ဂျီးရီးယား ဂိုးထောင့်ကို လှလှပပ ကန်သွင်းခဲ့တာကြောင့် အယ်လ်ဂျီးရီးယားအသင်း နှစ်ဂိုး တဂိုးနဲ့ အောင်ပွဲဆင် ဗိုလ်လုပွဲ တက်ရောက်သွားတာ ဖြစ်ပါတယ်။

More News
Up