DVB Logo
Home
မြန်မာသတင်း
အစိုးရက သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းသည့်အပေါ် အမြင်
DVB
·
November 29, 2012
အစိုးရက သပိတ်စခန်းများကို အကြမ်းဖက်ဖြိုခွင်းသည့်အပေါ် အမြင်
Donate to DVB

လက်ပန်းတောင်းတောင် စီမံကိန်းနယ်မြေထဲက သပိတ်စခန်းတွေကို ဒီနေ့ မနက် အရုဏ်မတက်ခင် အစိုးရက ဖြိုခွင်းရာမှာ သံဃာအပါး ၅၀ လောက်နဲ့ လူတချို့ ဒဏ်ရာရရှိ ခဲ့ပါတယ်။ အဲဒီဖြိုခွင်းမှုနဲ့ ပတ်သက်လို့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လူထုအခြေပြုလူ့အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတချို့ရဲ့ သဘောထားကို မေးမြန်းထားပါတယ်။

ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာယက)

“ဒီလိုအကြမ်းဖက်လုပ်တာကို လုံးဝ မကြိုက်ဘူး၊ လက်မခံဘူး၊ အပြစ်တင်ချင်တယ်။ လက်ပန်းတောင်းတောင်ကိစ္စဖြစ်တာ ၅ လလောက်ရှိပြီ။ ဒီအတောအတွင်းမှာ အစိုးရဘက်က ဘာမှ ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်တာ ဘာမှ မရှိခဲ့ဘူး။ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် သွားပြောတာတွေ ရှိခဲ့တယ်။ မနေ့ကဆိုရင် သမ္မတရဲ့ အကြံပေးအရာရှိဆိုလား သူက လက်ပန်းတောင်းတောင်ကိုသွားပြီး ခြိမ်းခြောက်စကားပြောတာတောင် ရှိတယ်။ တရုတ်က ကျေးဇူးရှင်၊ သူတို့က တရုတ်ကျေးဇူးဆပ်ရမယ် ဆိုတဲ့ စကားမျိုးပြောတယ်။ လူထုအနေနဲ့ ဘယ်လိုမှ မခံနိုင်ဘူး။ အဲလိုဖြစ်နေတဲ့ အချိန်မှာ ဒီလို အကြမ်းဖက်နှိမ်နင်းတယ်ဆိုတာ အလွန်ရုပ်ဆိုးပါတယ်၊ အလွန် အပြစ်မြင်စရာကောင်းတယ်။  ဒီလိုဟာမျိုး မဖြစ်သင့်ဘူး။ နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲလုပ်နေတယ်၊ ဒီမိုကရေစီအပြောင်းအလဲလုပ်နေတယ်ဆိုတဲ့ ပုံရိပ်ဖမ်းနေတယ်။ သူတို့ကိုယ်သူတို့ ဒီမိုကရေစီအစိုးရယောင်ယောင် ဘာယောင်ယောင်လုပ်နေတဲ့ အချိန်မှာ ဒီလိုလုပ်တာဟာ ရှင်းရှင်းပြောရရင် မင်းသားခေါင်းဆောင်းထားတာကို ချွတ်ပြီး ဘီလူးဆိုတာ ပြလိုက်တယ်လို့ ပြောချင်တယ်။”

ဦးဂျင်မီ (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)

“ကျနော်တို့ သဘောထားက နဂိုကတည်းက ပြောတာပဲ။ ပြဿနာကို ဖြေရှင်းရမယ်။ ဖြေရှင်းရာမှာ အကြမ်းဖက်ဖြေရှင်းတာကို ကျနော်တို့ သဘောမတူဘူး။ အဲဒါ ကျနော်တို့ရဲ့ နှစ်ပေါင်း ၂၀ ကျော် ကိုင်စွဲလာတဲ့ မူဝါဒတခုပဲ။ ဒီပြဿနာက အပိတ်အမှောင်ကာလတုန်းက ဖြစ်ခဲ့တဲ့ ပြဿနာ။ အခု ပွင့်လင်း မြင်သာလာတဲ့အချိန်မှာ ပြည်သူတွေကလည်း သူတို့ရဲ့အခက်အခဲ၊ ခံစားနေရတဲ့ ဒုက္ခတွေကို တောင်းဆိုမှာပဲ။ လွှတ်တော်က ပြဋ္ဌာန်းထားတာ ဆန္ဒပြမှု ဥပဒေတို့ ရှိပင်ရှိငြားသော်လည်း အသွင်ကူးပြောင်းရေးကာလမှာ ဒီဥပဒေတွေကို နှစ်ဖက်လုံး ကျင့်သုံးနိုင်ဖို့။ ကျနော်ဆိုလိုတာက အဲလို ကျင့်သုံးနိုင်ဖို့ အစိုးရက ပိုပြီး စိတ်ရှည်ရမယ်။ နောက်တခုက အခု အစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး၊ ကန့်ကွက်နေတာ မဟုတ်ဘူး။ သူတို့က သူတို့ ခံစားနေရတဲ့ ပြဿနာတွေ ဒုက္ခတွေကို တင်ပြနေတာ၊ အားကိုးနေတာဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲလာတဲ့ အခြေအနေပေါ် မူတည်ပြီး အစိုးရသစ်ကို အားကိုးနေကြတာ။ ဒီအပေါ်မှာ အရင်လုပ်ထုံးလုပ်နည်းတွေအတိုင်း အကြမ်းဖက်ပြီး ဖြေရှင်းတဲ့ ပုံစံဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်ဟာ စိတ်မကောင်းစရာ အခြေအနေတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော်မြင်တယ်။”

ဦးမြင့်အေး (လူ့အခွင့်အရေး ကာကွယ်မြင့်တင်ရေးကွန်ရက်)

“အဲဒါကတော့ လူ့အခွင့်အရေးနဲ့ တိုင်းစရာမလိုပါဘူး။ အစိုးရက သံဃာကို အင်အားသုံးပြီး နှိပ်ကွပ်တယ်ဆိုတာ ဒါ ဘယ်လိုမှ မလျော်ကန်တဲ့ ကိစ္စပါ။ ဆွေးနွေးပါ၊ ညှိနှိုင်းပါ၊ သူတို့ပြောတဲ့ နိုင်ငံရေး ယဉ်ကျေးမှုဆိုတာပေါ့။ အဲဒီဥစ္စာကို ဘာဖြစ်လို့ အသုံးမပြုသလဲ။ ကျနော်တို့အမြင်ကတော့ မရရင် ရအောင် ညှိရမယ်။ လူ့အခွင့်အရေး ရှုထောင့်က ပြန်ကြည့်မယ်ဆိုရင် ဒီဟာကတော့ မသင့်တော်ပါဘူး။ လူထုက သူ့လိုလားချက်ကို သူတောင်းဆိုတဲ့နေရာမှာ ဥပဒေအကန့်အသတ်တွေ၊ အင်အားသုံး အကန့်အသတ်တွေဟာ မလျော်ကန်တဲ့ ကိစ္စတွေဖြစ်တယ်။”

ဦးကိုနီ (မြန်မာနိုင်ငံရှေ့နေများကွန်ရက်)

“ပထမ ရက်မှာ သပိတ်ကို ဖယ်ပေးဖို့ အကြောင်းကြားတယ်ဆိုတာ သိရတယ်။ ဥပဒေသမား တယောက်အနေနဲ့ ပြောရရင် အုပ်ချုပ်တဲ့ အာဏာပိုင်တွေက အမိန့်ထုတ်ပြီး တောင်းတယ်၊ ဖယ်ပေးပါ လူစုခွဲပေးပါလို့ ပြောရင် ဖယ်ပေးဖို့ တာဝန်ရှိတယ်။ ဒါ အမှန် အမှားကို ပြောတာမဟုတ်ပါဘူး။ ဥပဒေသဘောအရ ခွဲပေးပါဆိုရင်တော့ ခွဲပေးရမယ်။ သို့သော် ကျနော် တိတိကျကျ မပြောနိုင်တာက လူစုခွဲပေးဖို့ ပြောတာဟာ ကျင့်ထုံး ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း ဆောင်ရွက်ပုံ၊ ဆောင်ရွက်နည်းတွေနဲ့ လုပ်သလား မလုပ်သလားဆိုတာ မရှင်းလင်းဘူး။ လုပ်တာကလည်း ညဖက်လုပ်တယ်။ ၁၄၄ ထုတ်တယ်လည်း ကြားတယ်။ ၁၄၄ ထုတ်ပြီးတာနဲ့ ပစ်လို့ခတ်လို့သတ်လို့တော့ မရဘူး။ လုပ်ထုံးလုပ်နည်းတွေ ရှိတယ်။ စနစ်တကျလူစုခွဲဖို့.။ အဲလို စနစ်တကျဆောင်ရွက်ချက်လား မရှိလားတော့ မပြောနိုင်ဘူး။ သို့သော် ပြောလို့ရတာက ဒီလူတွေအားလုံးဟာ အကြမ်းဖက်လုပ်ရပ်ကို မလုပ်ဘူး။ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူတွေဖြစ်လို့ ဘုန်းကြီး၊ သံဃာတော်တွေအပါအ၀င် အေးအေးချမ်းချမ်းနဲ့ ဆန္ဒပြနေတဲ့ လူထုကို ဖြိုခွဲတဲ့နေရာမှာ ပြင်းထန်တဲ့နည်းတွေ သုံးတာကိုတော့ ဥပဒေနဲ့မညီဘူးလို့ ထင်တယ်။”

“ဥပမာ ကျနော်တို့ မီးလောင်ဗုံးနဲ့ ပစ်တယ်ဆိုတာ ဘယ်လိုဗုံးမျိုးလဲဆိုတာ ကျနော်လည်း မသိဘူး။ မျက်ရည်ယိုဗုံးအထိက ကျနော်နည်းနည်း နားလည်ပေးလို့ရတယ်၊ ရေပက်တာ ကျနော်တို့ နားလည်လို့ ရတယ်။ မီးလောင်ဗုံးနဲ့ ပစ်တယ်ဆိုတာ လူခန္ဓာကိုယ်ကို အသက်အန္တရာယ်ဖြစ်နိုင်ရုံမက အသက်ပါ အန္တရာယ်ဖြစ်နိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။ ဒီလိုမျိုး အသက်အန္တရာယ်ဖြစ်လောက်အောင် လူစုခွဲတယ်ဆိုတာက ဒီလူအုပ်က သောင်းကျန်းနေတာမျိုး၊ သူများပစ္စည်း ၀င်ဖျက်ဆီးနေတာမျိုး၊ အိုးတွေအိမ်တွေ မီးရှို့နေတာမျိုးဆိုရင်တော့ အဲလိုကြမ်းတဲ့နည်းသုံးတာ လက်ခံလို့ရပေမယ့် အခုလို ငြိမ်းငြိမ်းချမ်းချမ်း ထိုင်ပြီး ဆန္ဒပြသူတွေကို မီးလောင်ဗုံးပစ်သွင်းတယ်ဆိုတာမျိုးက တည်ဆဲဥပဒေနဲ့ မညီဘူး။ သိပ်အင်အားသုံးတယ်လို့ မြင်တယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013