ဗစ်တိုးရီးယားအမှု တရားမျှတမှုရရေး မြင်းခြံတွင် ဆန္ဒပြ
DVB
·
July 13, 2019
နေပြည်တော် wisdom hill မူကြိုကျောင်းမှ ကျောင်းသူကလေးငယ် ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံရမှု အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိရေးအတွက် မန္တလေးတိုင်း မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရင်ပြင်ပေါ်မှာ ဇူလှိုင် ၁၂ ရက် ညနေ ၅ နာရီအချိန်က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတောင်းဆိုပွဲမှာ လူအင်အား ၅၀ လောက်ပါဝင်ပြီး၊ မြင်းခြံခရိုင် ဗကသများအဖွဲချုပ် မှ ကျောင်းသားတွေက ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
သက်ငယ်မုဒိန်းမှုပပျောက်ရေး၊ ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရေး တရားဥပဒေစိုးမိုးရေး၊ မတရားဖမ်းဆီးခံ ကျောင်းသားပြည်သူတွေ လွတ်မြောက်ရေး စတဲ့ စာတန်းပါ ဗီနိုင်းတွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြပါတယ်။
နေပြည်တော်ရှိ Wisdom Hill ပုဂ္ဂိလက မူကြိုကျောင်းမှာ မေ ၁၇ ရက်နေ့ အသက် ၃ နှစ်အရွယ် ဗစ်တိုးရီးယား မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပါတယ်။
သတင်းနှင့်ဓာတ်ပုံ - ရီရီထွန်း