DVB Logo
Home
မြန်မာသတင်း
ရှမ်းနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်များ အချင်းချင်း ပူးပေါင်းရန် လိုလား
DVB
·
November 28, 2012
ရှမ်းနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တပ်များ အချင်းချင်း ပူးပေါင်းရန် လိုလား
Donate to DVB

ရန်ကုန်မြို့မှာ ၃ ရက်တာ ကျင်းပပြီးစီးသွားခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲမှာ တက်ရောက်လာသူ လူထုလူတန်းစား အဖွဲ့အစည်း ကိုယ်စားလှယ်တွေက ရှမ်းနိုင်ငံရေးပါတီအချင်းချင်း၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်း ပူးပေါင်းဖို့ လိုလားကြောင်း တညီတညွတ်တည်း  ပြောဆိုခဲ့ပါတယ်။

ရှမ်းနိုင်ငံရေးပါတီတွေ ဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊  တိုင်းလိုင် (ရှမ်းနီ) အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီ ၃ ခုကို တခုတည်းအဖြစ် ပေါင်းစည်းစေလိုတဲ့ ဆန္ဒရှိသလို ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ကြတဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့၊ ဆိုင်ကျော့ ပြည်သူ့စစ်အဖွဲ့၊ ရှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ပေါင်းစု (မိုင်းလား) အဖွဲ့ စတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးကိုလည်း ပေါင်းစည်းလိုတဲ့ ဆန္ဒရှိကြတယ်လို့ ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီ ပြောခွင့်ရ ဦးစိုင်းလိတ်က ပြောပါတယ်။

“ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ လူထူအသံ ဘယ်လိုရှိလဲ ဆိုတာ စစ်တမ်းကောက်ယူတယ်။ စစ်တမ်းနဲ့ ဆွေးနွေးပွဲကထွက်လာတာကို ပြန် မျှခြေရှာတယ်။ ထွက်လာတဲ့ အဖြေတခုကတော့ လူထုက ရှမ်းပါတီတွေ ၃ ခုရှိနေတယ်။ ၃ ခုလုံးကို ပါတီ တခုထဲ ဖြစ်အောင်သော်လည်းကောင်း၊ ပါတီ ၁ ခုထဲ မပေါင်းနိုင်ရင်တောင် ဘုံသဘောထား၊ ရည်ရွယ်ချက်ချင်းတူတဲ့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း ၀ိုင်းဝန်းအဆိုပြုကြတယ်။ နောက် စစ်တပ်ပိုင်းဆိုင်ရာမှာလည်းပဲ တပ်တွေက ၄ ခုလောက်ကွဲနေတာပေါ့နော်။ ဒါကိုလည်းပဲ ချက်ချင်းလက်ငင်းပေါင်းဖို့တော့ မဖြစ်နိုင်သေးဘူးပေါ့နော်. ပေါင်းရင်တော့ အကောင်းဆုံးပဲ. ဒါပေမယ့် ဘာပဲဖြစ်ဖြစ် နိုင်ငံရေးရည်မှန်းချက် တူရင်တော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ အသံတခုတည်း ထွက်စေချင်တယ်ဆိုတာမျိုး အဆိုပြုကြတယ်။”

ဆွေးနွေးပွဲမှာ လူမှုအခြေပြုအဖွဲ့အစည်းတွေက ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာမှာ ပြည်သူ့ဆန္ဒနဲ့ လွတ်လွတ်လပ်လပ် ကိုယ့်မူနဲ့ ကိုယ်ဆောင်ရွက်ရဖို့ အဆိုပြုသလို ပညာရေးပိုင်းမှာတော့ တိုင်းရင်းသားစာပေကို လွတ်လပ်စွာသင်ကြားခွင့်ရရေး၊ ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့ ပညာရေးစနစ်ကို လိုလားကြောင်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်း၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ ပြည်သူ့လွှတ်တော်အမတ်တွေပါ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းသွားတယ်လို့ ဆိုပါတယ်။

သမိုင်းမှာ မကြုံစဖူး ထူးထူးကဲကဲ ရှမ်းအဖွဲ့အစည်းပေါင်းစုံ လာရောက်ဆွေးနွေး ဖလှယ်ခွင့်ရတဲ့ ဒီပွဲမှာ ပညာရှင်ပေါင်း ၁၈ ဦးတက်ရောက်ပြီး ပြည်ပရောက်ပညာရှင် ၃ ဦးကလည်း သူတို့အမြင်သဘောထားတွေကို  ဗွီဒီယိုကလစ်ပေးပို့ပြီး တင်ပြခဲ့တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲပုံစံနဲ့ ကျင်းပသွားတဲ့ ဆွေးနွေးပွဲမှာ တက်ရောက်သူပေါင်း ၂၀၀ နီးပါးက အုပ်စု ၇ ဖွဲ့ခွဲပြီး နိုင်ငံရေး၊ စစ်ရေး၊ သမိုင်းကြောင်း၊ အနုပညာ၊ လူမှုဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ ပညာရေး  စသဖြင့် ဆွေးနွေးခဲ့တယ်လို့ တက်ရောက်သူတဦးက ပြောပါတယ်။

ဆွေးနွေးပွဲကို ရှမ်းသမိုင်းပညာရှင် ဒေါက်တာဦးစိုင်းအောင်ထွန်း၊ ဥရောပမြန်မာရုံးက စ၀်ဟန်ညောင်ရွှေ၊ ဂီတစာဆို ဒေါက်တာစိုင်းခမ်းလိတ်၊ ဒေါက်တာစိုင်းစံအိုက်၊ ဒေါက်တာစိုင်းဆန်ဖေ၊ ဒေါ်ဇင်ဇင်ဝင်း ၊ နန်းချန်တောင်း စတဲ့ ထင်ရှားသူတွေက ဦးဆောင်ဆွေးနွေးသွားတယ်လို့ သူက ပြောပါတယ်။

ဒီဆွေးနွေးပွဲရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ယုံကြည်မှုတည်ဆောက်ရေးကို ရသင့်သလောက်ရရှိခဲ့ကြောင်း ဦးစိုင်းလိတ်က ပြောပါတယ်။

“အနည်းဆုံး ပါတီ ၃ ပါတီ ရှိသော်လည်းပဲ၊ စစ်တပ် ၄ ခုရှိသော်လည်းပဲ ငြိမ်းချမ်းရေးအတွက်ဆိုရင် ပူးပေါင်းပြီး ဆောင်ရွက်နိုင်တယ်ဆိုတာကို အနည်းဆုံး ယုံကြည်မှု တည်ဆောက်လိုက်နိုင်ပါတယ်။”

ပထမဆုံးအကြိမ် ရှမ်းတိုင်းရင်းသားများရဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က စည်းရုံးဆောင်ရွက်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲပထမနေ့ဖြစ်တဲ့  နိုဝင်ဘာ ၂၆ ရက်မှာ နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုဝန်ကြီးတွေကိုယ်တိုင် တက်ရောက် အားပေးခဲ့ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013