DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် လူထုစည်းရုံးရေးလုပ်
DVB
·
November 28, 2012
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် လူထုစည်းရုံးရေးလုပ်
Donate to DVB

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) ဟာ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ သွားရောက်ပြီး လူထုကို တွေ့ဆုံစည်းရုံးခဲ့ပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒုဥက္ကဋ္ဌ ဦးကျော်မျိုးအောင်၊ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော်အပါအ၀င်  ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၁၀ ဦးက တောင်ကုတ်၊ ရမ်းဗြဲ၊ မန်အောင်၊ ကျောက်ဖြူ၊ ရသေ့တောင်၊ စစ်တွေ အစရှိတဲ့ မြို့နယ်တွေဆီ သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

လူထုစည်းရုံးရေးဆင်းရတဲ့ အဓိကအကြောင်းရင်းနဲ့ ပတ်သက်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန်ကြားရေးဌာန တာဝန်ခံ ဦးဦးလှမြင့်က အခုလို ပြောပါတယ်။

“စည်းရုံးရေးဆိုတာထက် ပြည်သူတွေကို အသိပညာပေးဆွေးနွေးတာပေါ့။ အရင်တုန်းက နိုင်ငံရေးစိတ်မ၀င်စားဘူး၊ နိုင်ငံရေးလုပ်ခွင့် မရတာကနေ အခု နိုင်ငံရေးလုပ်သင့်တယ်။ နိုင်ငံရေးမကောင်းရင် ဘာမှ လုပ်လို့မရဘူးပေါ့။ ကျနော်တို့ကတော့ ပါတီရဲ့မူဝါဒတွေနဲ့ ရှေ့ဆက် ဘယ်လိုရှိတယ်ဆိုတာ ဆွေးနွေးတာပေါ့။ ပြည်သူတွေက များသောအားဖြင့် ဘင်္ဂါလီ ကိစ္စ တင်ပြတာများတယ်။”

ရခိုင်ပြည်သူတွေ ပညာရေး၊ ကျန်းမာရေးနဲ့ စားဝတ်နေရေး ချို့တဲ့နေတာကို စည်းရုံးရေး လှည့်လည်နေချိန်မှာ တွေ့ခဲ့ရတယ်လို့လည်း ဦးဦးလှမြင့်က ပြောပါတယ်။

“အဓိက သူတို့မှာ ပညာရေး၊ ကျန်းမာရေးနဲ့ အသိဥာဏ် ချို့တဲ့တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိကြဘူးလေ။ စားဝတ်နေရေးမကောင်းဘူး ရုန်းကန်နေရတယ်၊ ပညာရေးလည်း မကောင်းဘူး။ စပါးမထွက်၊ လယ်တွေ အဆင်မပြေဖြစ်တယ်။ တခြား အလုပ်အကိုင်တွေလည်း ရှားပါးတော့ အခက်အခဲတွေက အများကြီးပဲ။ ဒေသခံလူထုလည်း အားနည်းတယ်။ လူဦးရေ လျော့ကျသွားတယ်။ ဒေသမှာ ရှာဖွေစားသောက်ဖို့ မလွယ်တော့ နိုင်ငံခြားသွားအလုပ်လုပ်သူများတယ်။”

အခက်အခဲကြုံနေရတဲ့ ဒေသခံပြည်သူတွေအတွက် လာမယ့်အပြောင်းအလဲတွေမှာ ဖွံ့ဖြိုး တိုးတက်မှုတွေရှိလာအောင် အဖွဲ့ချုပ်အနေနဲ့ ကြိုးပမ်းသွားမယ်လို့လည်း ပြောပါတယ်။ ဒီစည်းရုံးရေးခရီးစဉ်ဟာ ပထမဆုံးဖြစ်ပြီး ကျန်ဒေသတွေကိုလည်း သွားရောက်မယ်လို့ ဆိုပါတယ်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ကို ၁၉၈၈ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်အတွင်း လွှတ်တော်အမတ် ၁၁ နေရာ အနိုင်ရရှိခဲ့ပြီးနောက် ၁ နှစ်အကြာမှာ ဖျက်သိမ်းခံခဲ့ရပါတယ်။
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ဟာ အခုနှစ်ဆန်းပိုင်းကမှ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီး မေလလောက်မှာ ပါတီမှတ်ပုံတင် ရရှိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013