Home
မြန်မာသတင်း
ပြည်နယ်တိုင်း ၅ ခုတွင် မိုးရွာသဖြင့် နေအိမ်၊ ကျောင်းနှင့် လမ်းတံတားများ ပျက်စီးဆုံးရှုံး 
DVB
·
July 11, 2019
66450505_2456593717958264_6426281882484211712_n
ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူနေအိမ်တွေနဲ့ လမ်းတံတားတွေ ပျက်စီးဆုံးရှုံးခဲ့တယ်လို့  သဘာဝဘေးစီမံခန့်ခွဲမှု ဦးစီးဌာနက ဇူလိုင် ၁၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။ ကချင်ပြည်နယ်၊ နောင်မွန်းမြို့နယ်မှာ ဇူလိုင် ၉ ရက်မနက်က မိုးရွာသွန်းမှုကြောင့် ရပ်ဘော့နဲ့ လုံခါးကျေးရွာ ဆက်သွယ်ထားတဲ့ လုံခါးကြိုးတံတား  ရေထဲ မျောပါ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒါ့အပြင် မချမ်းဘော့-ဖရုခု-ရပ်ဘော့ ကားလမ်း၊ ရပ်ဘော့-ပန်နန်းဒင်-ဒဇွန်ဒမ်းလမ်း၊ ရပ်ဘော့-ပန်နန်းဒင်-ဒဇွန်ဒမ်းမြေသားလမ်းတွေမှာလည်း ရေကျော်ပြီး မြေပြိုကျခဲ့လို့  လမ်းဦးစီးဌာနက စက်ယန္တရားတွေနဲ့ ရှင်းလင်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာတော့ ဇူလိုင် ၉ ရက်က မိုးရွာသွန်းပြီး ဘီးလင်းမြစ်ရေ မြင့်တက်လာတာလို့ အိမ်ထောင်စုပေါင်း ၁၅၀  နီးပါး လူဦးရေ ၇၀၀ လောက်ကို ရေလွတ်ရာတွေဆီ ပြောင်းရွှေ့ထားရပါတယ်။   အလားတူ ရခိုင်ပြည်နယ်မှာလည်း ဇူလိုင် ၈ ရက်က မိုးရွာသွန်းမှုကြောင့် မြောက်ဦးတပ်နယ်ဝင်းအတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုက်ကရိုဝေ့မြေအောက် ဖိုက်ဘာ ကေဘယ်ကြိုး ပြတ်တောက်သွားခဲ့ပါတယ်။ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ ဈေးပိုင်းရပ်ကွက်မှာတော့ မိုးရွာသွန်းတာကြောင့်  သက်ကယ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း နေအိမ် ၃ လုံး၊ ဈေးဆိုင်ခန်း ၃ ခန်း ပြိုကျပျက်စီးခဲ့တယ်လို့ သဘာဝဘေးစီမံခန့်ခွဲမှုဌာနသတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ ဇူလိုင်လ ၉ ရက်နေ့က  မိုးရွာသွန်းလို့ ပိန်းဇလုပ်မြို့ရှိ မြို့မ ၁ ရပ်ကွက်ပါ ၂ ရပ်ကွက်၊ ခင်ကန့်လန့် ကျေးရွာပါ ၂ ရွာတို့မှာ ကျောင်းဝင်းထဲကို ရေတွေဝင်ရောက်နေလို့  စာသင် ကျောင်း ၆ ကျောင်း ယာယီ ပိတ်ထားရပါတယ်။ အလားတူ မကွေးတိုင်းဒေသကြီးမှာလည်း ချောင်းရေတိုက်စားလို့ ဆင်ပေါင်ဝဲမြို့နယ်ရှိ ထောက်မကျေးရွာမှာ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ၁ လုံး၊ ထောက်မကနေ ဂွေးချိုကျေးရွာ ကိုဆက်သွယ်ထားတဲ့ အရှည် ၁၂၀၊ အကျယ် ၁၀ ပေခန့်ရှိ သံကူကွန်ကရစ် အမျိုးအစား အင်းကြင်းတောင်ချောင်းကူးတံတား ၁ စင်း ရေထဲမျောပါ ပျက်စီးခဲ့ပါတယ်။ ဓာတ်ပုံ-MRN
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024