မူးယစ်ဆေးသယ် တိုင်းရင်းသားတပ်ဖွဲ့နှင့် ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်၊ ၂ ဦး သေဆုံး
DVB
·
November 28, 2012

ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးဝါး တင်သွင်းလာတဲ့ မြန်မာပြည်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့နဲ့ ထိုင်းစစ်တပ်တို့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ထဲမှာ ပစ်ခတ်မှုဖြစ်ပွားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ၂ ဦး သေဆုံးသွားတယ်လို့ ထိုင်းသတင်းဌာန ချန်နယ်လ် ၃ မှာ ဖော်ပြသွားပါတယ်။
ထိုင်းနိုင်ငံမှာ ဒီနေ့ကျင်းပနေတဲ့ လွိုင်းကထုန်း မီးဖောင်မျောပွဲတော်ကာလကို အခွင့်ကောင်းယူပြီး တဘက်နိုင်ငံကနေ မူးယစ်ဆေးဝါးတွေ တင်သွင်းလာမယ်လို့ ကြိုတင်သတင်းရထားတဲ့အတွက် ဗိုလ်မှူးကြီး ဘန်းဝပ်ထန ဖွန်းမကျန်း ဦးဆောင်တဲ့ အမှတ် ၁၇ နည်းဗျူဟာတပ်ရင်း အထူးစစ်ဆင်ရေးတပ်က ဒီနေ့ နံနက်စောစောက စောင့်ဖမ်းရာက ဖာဝေါင်ဒေသ မယ့်စွေဦးချောင်းအနီးမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ တာ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဟာ မြန်မာနိုင်ငံ ကယားပြည်နယ်ထဲကနေ ၀င်ရောက်လာတာဖြစ်ပြီး သူတို့ဆီက မြင်းဆေး ခေါ် ယာဘ အလုံးရေပေါင်း ၄ သောင်းလောက် သိမ်းဆည်းရမိကြောင်း၊ တဘက်လက်နက်ကိုင်အဖွဲ့က ၂ ဦးကျဆုံးပြီး ထိုင်းစစ်တပ်ဘက်ကတော့ ထိခိုက်သူမရှိကြောင်း၊ အခင်းဖြစ်ပွားရာနေရာကို နောက်ထပ် စစ်တပ်၊ ရဲနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ သွားရောက်ပြီး စစ်ကူဖြည့်နေကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြသွားပါတယ်။
