ဂျာမနီရှိ အကြီးဆုံးဗလီတခု ဗုံးခြိမ်းခြောက်ခံရ၊ လူ ၅၀ ခန့် ဘေးလွတ်ရာရွှေ့ပြောင်း

ဂျာမနီနိုင်ငံက အကြီးဆုံးဗလီတခုမှာ ဇူလိုင် ၉ ရက်နေ့က ဗုံးနဲ့တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရတာကြောင့် လူအယောက် ၅၀ လောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဂျာမနီနိုင်ငံ အနောက်ဘက် ခလွန်မြို့မှာ တည်ရှိတဲ့ အဲဒီဗလီကို တူရကီ-မွတ်စလင် ပူးပေါင်းအဖွဲ့ (DITIB) က ဦးစီး တာဝန်ယူထားတာပါ။ အဲဒီဗလီကို ဗုံးနဲ့တိုက်ခိုက်မယ်လို့ အီးမေးလ်က တဆင့် ခြိမ်းခြောက်စာ ရခဲ့ပြီးနောက် အင်္ဂါနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီ ၁၅ မိနစ်လောက်မှာ ရဲတပ်ဖွဲ့တွေက ဗလီထဲကို ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ အရာရှိတယောက်က သတင်းထောက်တွေကို ပြောပါတယ်။ နေ့လယ်ပိုင်းအထိ ရှာဖွေစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပေမယ့် ဘာဖောက်ခွဲရေးပစ္စည်းမှ မတွေ့ခဲ့ရပါဘူး။ လူဦးရေ ၈၁ သန်းကျော် နေထိုင်တဲ့ ဂျာမနီနိုင်ငံဟာ ပြင်သစ်နိုင်ငံပြီးရင် အနောက်ဥရောပမှာ မွတ်စလင် ဒုတိယအများဆုံး နေထိုင်တဲ့နိုင်ငံ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up