DVB Logo
Home
မြန်မာသတင်း
ဒီဇင်ဘာ ၃ ရက် ညှိနှိုင်းမည့်အပေါ် ရွှေလုပ်သားများ သံသယဖြစ်နေ
DVB
·
November 28, 2012
ဒီဇင်ဘာ ၃ ရက် ညှိနှိုင်းမည့်အပေါ် ရွှေလုပ်သားများ သံသယဖြစ်နေ
1 / 2
Donate to DVB

သူတို့ဆန္ဒကို တင်ပြဖို့ နိုင်ငံတော်သမ္မတရှိရာ နေပြည်တော်ကို ချီတက်တဲ့ မိုးထိမိုးမိ ရွှေလုပ်သားတွေကို ရမည်းသင်းမြို့ပျဉ်းမတောကျေးရွာက ဘုန်းကြီးကျောင်းဝင်းထဲမှာ နေရာချထားပေးပြီး ရဲတပ်ဖွဲ့ဝင် အင်အားအပြည့်နဲ့ စောင့်ကြည့်ထားပါတယ်။

မိုးထိမိုးမိရွှေလုပ်သားတွေဟာ နိုဝင်ဘာ ၈ ရက်နေ့ကစလို့ နေပြည်တော်ကို ကုန်းကြောင်းချီတက်ရာမှာ နိုဝင်ဘာ ၂၃ ရက်နေ့က နေပြည်တော်နဲ့ မိုင် ၂၀ ခန့်အကွာ ရေတာရှည်မြို့အရောက်မှာ ခေါင်းဆောင် ၄ ဦးကို ရဲက အကြမ်းဖက်ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲပါတယ်။

[caption id="attachment_33520" align="alignleft" width="300" caption="မိုးထိမိုးမိ ဆန္ဒပြ ရွှေလုပ်သားများနဲ့ ရဲတပ်ဖွဲ့- ပျဉ်းမနား ရေနီ စက္ကူစက်အနား (ဓာတ်ပုံ- ရန်နိုင်) "][/caption]

ကျန်ချီတက်သူတွေကို သတ္တုတွင်းဝန်ကြီးဌာန တာဝန်ရှိသူတွေ တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်အမတ်တွေ ပါဝင်တဲ့အဖွဲ့က တွေ့ဆုံပြီး နေပြည်တော်ကို ဆက်မသွားဘဲ ရမည်းသင်းမှာ ဒီဇင်ဘာ ၃ ရက်နေ့ ညှိနှိုင်းဖို့၊ ညှိနှိုင်းဆဲကာလမှာ စားဝတ်နေရေးကို တာဝန်ယူဖို့ စတာတွေ သဘောတူခဲ့ပါတယ်။

ဒီနောက် ဆန္ဒပြသူတွေကို ရမည်းသင်းမြို့က ရန်ကြီးအောင် ဘုန်းကြီးကျောင်းကို ပို့ပေးဖို့ နှစ်ဘက်သဘောတူပြီး ကားနဲ့ ခေါ်ဆောင်ပေမယ့် ရန်ကြီးအောင် ဘုန်းကြီးကျောင်းကို မပို့ဆောင်ဘဲ ပျဉ်းမတော ဘုန်းကြီးကျောင်းကို ပို့ဆောင်ခဲ့တာပါ။

ရန်ကြီးအောင် ဘုန်းကြီးကျောင်းကို ပို့ပေးဖို့ သဘောတူတဲ့အထဲမှာ တောင်ငူခရိုင်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော်အမတ် ဦးအာယု ပါဝင်ပြီး ကတိမတည်ကြဘူးလို့လည်း ဘုန်းကြီးကျောင်းထဲကနေ ရွှေလုပ်သား ကိုအောင်ဆန်းမြင့်က ရှင်းပြပါတယ်။

“နိုင်ငံရဲ့ အကြီးပိုင်းတွေပါပဲ။ သူတို့ရာထူးတွေနဲ့၊ လွှတ်တော်ကိုယ်စားလှယ်လည်း ပါပြီးတော့မှ ကျနော်တို့သွားချင်တဲ့နေရာကို ပို့ပေးမယ်ဆိုပြီးတော့ ရမည်းသင်းရောက်မှ ဒီပုံစံဖြစ်သွားတာ။ ကျနော်တို့ကို လိမ်လိုက်တာပေါ့ဗျာ။ သူတို့ကတိကို ဖောက်ဖျက်တာပေါ့။ သူတို့ပို့လိုက်တဲ့နေရာမှာ လက်ရှိ စားရေးသောက်ရေးကတော့ အဆင်ပြေပါတယ်။ အပြင်ထွက်ပိုင်ခွင့်တော့ မရှိပါဘူး။ ရဲအင်အားတွေကတော့ အကုန်လုံး လုံခြုံရေးချထားတာပေါ့။ နံပါတ်တုတ်၊ ဒိုင်း၊ သေနတ်၊ ဒါတွေတော့ သူတို့ဘက်ကတော့ အပြည့်အ၀ရှိတာပေါ့” လို့ ပြောပါတယ်။

ရေတာရှည်မြို့နယ်မှာရှိစဉ် နိုဝင်ဘာ ၂၆ ရက်နေ့က ညှိနှိုင်းချက်တွေအရ ဒီဇင်ဘာ ၃ ရက်နေ့မှာ ရွှေလုပ်သားတွေက သူတို့လိုလားချက်တွေကို အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့၊ အဆင်မပြေရင် သတ္တုတွင်းဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ်နဲ့ ဆက်ညှိဖို့၊ ဒါမှ အဆင်မပြေရင် သတ္တုတွင်းဝန်ကြီးနဲ့ ဆက်လက်ညှိနှိုင်းဖို့ဆိုတာ သဘောတူခဲ့ကြတာပါ။

နေရာအပြောင်းအလဲနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေရဲ့ ကတိပျက်ယွင်းမှုကို ထောက်ပြပြီး ညှိနှိုင်းဆွေးနွေးပွဲတွေ ဆက်လက်ဖြစ်နိုင်ရေးအပေါ် ဆန္ဒပြရွှေလုပ်သားတွေက သံသယရှိနေကြပါတယ်။

ကိုအောင်ဆန်းမြင့်က “ရွှေ့ပြောင်းရေး ကိစ္စတောင်မှပဲ ကျနော်တို့က အလိမ်ခံခဲ့ရတာ။ ဒီ (၃) ရက်နေ့မှာ ညှိမယ်ဆိုတာ ကျနော်တို့ဘက်က တရားဝင် သေချာပေါက်ကြီးတော့ တွက်မထားသေးဘူးခင်ဗျ။ သူတို့ဘက်က ဘယ်လိုပုံစံတွေ ပြန်ပြောင်းသွားမယ်ဆိုတာ ကျနော်တို့ မသိနိုင်ဘူးခင်ဗျ၊ အမျိုးမျိုးအပြောင်းအလဲ ရှိနေတာပဲလေ” လို့ ပြောပါတယ်။

နေပြည်တော်ကိုချီတက်တဲ့ မိုးထိမိုးမိရွှေလုပ်သား ၈၀ ခန့်အနက် ၄ ဦးကို အစိုးရက ဖမ်းပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲထားသလို  ၇၄ ဦးကျန်တဲ့အနက် တချို့ကျန်းမာရေးကြောင့် ပြန်ကြသူတွေရှိပြီး အခု ပျဉ်းမတောဘုန်းကြီးကျောင်းမှာ အမျိုးသမီး ၆ ဦးအပါအ၀င် ဆန္ဒပြ ရွှေလုပ်သား ၆၆ ဦး ရှိနေပါတယ်။

ရမည်းသင်းခရိုင် မိုးထိမိုးမိဒေသက ရွှေလုပ်သားတွေဟာ ဒီနှစ် နှစ်လယ်ပိုင်းက ဆန္ဒပြခဲ့ကြလို့ ကုမ္ပဏီနဲ့ တွေ့ဆုံရာမှာ ကုမ္ပဏီဘက်က အထိုက်အလျောက်လိုက်လျောခဲ့ပါတယ်။ ဒီနောက် အဲဒီကတိအတိုင်း မလုပ်ဆောင်လို့ ဆန္ဒပြရတာဖြစ်တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013