Home
မြန်မာသတင်း
ပဲခူးတိုင်းလွှတ်တော်တွင် ၀န်ကြီးသစ်၏ အမည်စာရင်းတင်သွင်း 
DVB
·
July 8, 2019
အသစ်ဖွဲ့စည်းမယ့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့ စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာနရဲ့ ၀န်ကြီးအဖြစ် ပေါင်းတည်မြို့နယ် မဲဆန္ဒနယ်မြေအမှတ် ၂ က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦးကို  ပဲခူးတိုင်းဝန်ကြီးချုပ်က လွှတ်တော်မှာ အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ဇူလိုင် ၈ ရက်မနက်က ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကန့်ကွက်လိုပါက ဒီနေ့ညနေ ၄ နာရီအတွင်းမှာ အထောက်အထားခိုင်မာစွာနဲ့ ကန့်ကွက်လွှာ တင်သွင်းနိုင်တယ်လို့ သိရပါတယ်။ အခုအမည်စာရင်းတင်သွင်းခံထားရတဲ့ ဦးထွန်းထွန်းဦးနဲ့ ပတ်သက်ပြီး ကန့်ကွက်စရာ မရှိဘူးလို့  လွှတ်တော်ကိုယ်စားလှယ်တချို့ ကတော့ ပြောပါတယ်။ ၀န်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရတဲ့ ဦးထွန်းထွန်းဦးကတော့ “သမ္မတနဲ့ ၀န်ကြီးချုပ်တို့ကနေ လိုအပ်လို့ညွှန်ကြားချက်အရ အခုလိုတာဝန်ပေးတဲ့အပေါ် စွမ်းစွမ်း တမံဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ပါတီရဲ့ စည်းကမ်းချက်တွေမှာကိုက ဘာတာဝန်ဘဲ ပေးပေး ဆောင်ရွက်ပါမယ်လို့ပါပြီးသား ဖြစ်တယ်”လို့ ပြောပါတယ်။ အခုဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဦးထွန်းထွန်းဦးဟာ အရင်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ ၄ နှစ် တာဝန်ထမ်းဆောင်ခဲ့ ဖူးသူဖြစ်ပါတယ်။ လက်ရှိ ပဲခူးတိုင်းလွှတ်တော်ရဲ့ လွှတ်တော်ကတိက၀တ်ကော်မတီနဲ့ စက်မှု လမ်းပန်းကော်မတီတို့မှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့အပြင် ပေါင်းတည်မြို့နယ် NLD ပါတီရဲ့ အလုပ်အမှုဆောင်အဖွဲ့မှာ ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်ပါတယ်။ လက်ရှိအနေအထားအရ ပဲခူးတိုင်းအစိုးရအဖွဲ့မှာ ပဲခူးခရိုင်က ၀န်ကြီး ၂ ယောက် သာယာဝတီခရိုင်က ၀န်ကြီး ၂ ယောက်နဲ့ တောင်ငူခရိုင်က ၀န်ကြီး ၁ ယောက်ရှိပြီး ပြည်ခရိုင် ကနေ ၀န်ကြီးတယောက်မှ မရှိသေးတဲ့အတွက် ပြည်ခရိုင်ကို ဦးစားပေးပြီး ရွေးချယ်တဲ့သဘော ဖြစ်ပါတယ်။ မနက်ဖန် ဇူလိုင် ၉ ရက်နေ့မနက်မှာ ပဲခူးတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး တတိယနေ့ကို ဆက်လက်ကျင်းပသွားမှာ ဖြစ်ပါတယ်၊ သတင်း- အောင်စိုးမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024