Home
မေးမြန်းခန်း
အသည်းရောင်အသားဝါ ကာကွယ်ကုသရေးနှင့်ပတ်သက်ပြီး မေးမြန်းချက်
ပီတာအောင်
·
November 27, 2012
မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါရောဂါ ကာကွယ် ကုသရေးတွေနဲ့ ပတ်သက်ပြီး အသည်းရောင် အသားဝါရောဂါ (ဘီပိုး)နဲ့ (စီပိုး) ကုသမှု ပံ့ပိုးကူညီပေးရေး အဖွဲ့ က ဒေါက်တာ ဇာနည်ဇင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာနိုင်ငံမှာ အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးကူးစက်ပျံ့နှံ့မှုက ဆရာတို့အမြင် ပျံ့ နှံ့ မှု အခြေအနေ ဘယ်လောက်တောင်ဆိုးနေပြီလို့ ပြောလို့ ရပါသလဲ။ “ဘီ  ဆိုရင် ၁၀ ယောက်မှာ ၁ ယောက်။ စီ ဆိုရင် ၁၂ ယောက်မှာ ၁ ယောက်ပေါ့။ ဒါတွေက စာရင်းအတိအကျမဟုတ်ဘူး။ အရှေ့တောင်အာရှအနေနဲ့ ပြောတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာလည်း ဒီလောက်ပါပဲ။ ကျနော်တို့တွေ့ကြုံမှုအရ ဒီထက် များဖို့တောင် ရှိတယ်။” ဘာကြောင့် ဒီရောဂါ ပျံ့နှံ့မှု အခြေအနေ ဆိုးရတာလဲ။ “အဓိကက လူတွေက ဗဟုသုတမရှိဘူး။ ဘီ ဆိုရင် ကာကွယ်ဆေးထိုးလို့ရတယ်။ ဒါပေမယ့် ကျန်းမာရေးအသိအားနည်းတယ်၊ နောက်တခုက ပိုက်ဆံမတတ်နိုင်ကြဘူး။ အဲတော့ မထိုးကြဘူး။ ဘီက ဒါကြောင့် ကူးစက်မှုမြန်တယ်။ စီ ကကျတော့ မန္တလေးမှာ လက်ရှိ ပြောရရင် သွားနဲ့ ပတ်သက်တဲ့ ခံတွင်းလုပ်တဲ့သူတွေများတယ်။ အရင်တုန်းကဆိုရင် တခါသုံးတွေ ထိုးတာများတယ်၊ သွေးကြောင့် ကူးတာပေါ့။ ဒါကြောင့် အားနည်းတယ်လို့ ယူဆတယ်။ အများဆုံး ကျနော်တို့တွေ့တာကတော့ မန္တလေးမှာတော့ သွား၊ ခံတွင်းနဲ့ ပတ်သက်တာမျိုး ခွဲစိတ်ပြီးသူတွေ ဖြစ်တာများတယ်။” ဆရာတို့ ကျန်းမာရေးလုပ်သားတွေအနေနဲ့ စိတ်ကူကိုယ်တူတွေပေါင်းပြီး အသည်းရောင်အသားဝါ ဘီပိုးနဲ့ စီပိုးကုသမှု အကူအညီပေးရေး အဖွဲ့ဆိုပြီး ဖွဲ့ထားတယ်လို့ သိရတယ်။ ဘာကြောင့် ဒီအဖွဲ့ကို ဖွဲ့စည်းဖြစ်တာပါလဲ။ “စတာက လူရွှင်တော် ဦးဖိုးဖြူက စတာ။ ဦးဖိုးဖြူက စီပိုးဖြစ်တယ်လေ။ နောက် သူ့မှာ ဆီးချိုလည်းရှိတယ်။ များသောအားဖြင့် ဆီးချိုရှိတဲ့သူက စီပိုးနဲ့တွေ့တာများတယ်။ ကိုယ်ခံအားနည်းတော့ သူများထက် ပိုးကူးလွယ်တာပေါ့။ ဦးဖိုးဖြူက စီပိုးဖြစ်တော့ အသည်းဆရာဝန်ဆီသွားပြတော့ သူ့ကို ဆေးထိုးရမယ်ပြောတယ်။ သိန်း ၁၀၀ ကျော်လောက်ကုန်မှာ သူက မတတ်နိုင်ဘူး။ သူက စားဆေးနဲ့ပဲကုနေတယ်။ အဲမှာ ရန်ကုန်က အထူးကု ဆရာမတယောက်ကနေ စားဆေးပဲစားကြည့်ပါဆိုတော့ စားဆေးပဲ  ၃ မျိုးလောက် အခုလက်ရှိ စီပိုးသတ်ဆေး စားတာ ၆ လလောက်နေတော့ ပျောက်သွားတယ်။ ဒါဟာလည်း ဆေးပညာအမြင်အရဆိုရင် စီပိုးမှာက ပိုးအမျိုးအစားနဲ့လည်း ဆိုင်တယ်လေ။ ဦးဖိုးဖြူက ပျောက်ဖို့လွယ်တဲ့ အမျိုးအစားလည်းဖြစ်တော့ စားဆေးနဲ့ပဲ ပျောက်သွားတော့ ၁၀ သိန်းလောက်ပဲ ကုန်တယ်။ ဒါကို သူက အခုလက်ရှိ စီပိုးဖြစ်နေသူတွေ မြန်မာနိုင်ငံမှာ အများကြီးပဲ၊ သိန်း ၁၀၀ ဆိုလည်း မတတ်နိုင်တော့ ဒါကို ပြောမယ်ဆိုပြီး လုပ်ရင်းနဲ့ အဖွဲ့လေး စဖွဲ့ဖြစ်တာ။” ဒီရောဂါကာကွယ်ပေးဖို့ ဆရာတို့ဖွဲ့ထားတဲ့ အဖွဲ့အနေနဲ့ ဒီရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်မှုတွေ ဘယ်လိုမျိုး စတင်လုပ်ဆောင်ပြီလဲ။ “မန္တလေးမှာလုပ်နေပါပြီ။ ဘီပိုး စီပိုးဖြစ်နေသူတွေ ကျနော်တို့ဆီ ဆက်သွယ်ပြီး လာပြသူတွေကို သူ့မိသားစုကိုလည်း စစ်ဖို့ တိုက်တွန်းတယ်။ လက်ရှိမှာလည်း ကျနော်တို့က စရိတ်မျှပေးပုံစံနဲ့ပဲ သွားနေတာပေါ့။ ပိုက်ဆံမရှိဘူး။ ဘိုင်ကပြတ်သွားတော့ နှုတ်၏စောင်မခြင်းနဲ့ပဲ လက်ရှိ လုပ်ပေးနေရတယ်။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်က တကယ်ဆင်းရဲတဲ့ ဘုန်းကြီးတို့၊ မယ်သီလရှင်တို့ အဓိက နိုင်ငံရေးအကျဉ်းသားပေါ့။ ဒေါ်ဖြူဖြူသင်းတို့ ပြောပုံအရဆို ထွက်လာတဲ့သူတွေက ဘီတွေ၊ စီတွေ ပါလာတာလေ။ သူတို့ကို အဓိက စကုပေးရင်းနဲ့ ပြည်သူတွေကိုပါ ကုပေးသလိုဖြစ်သွားတာပေါ့။ အခုလက်ရှိ ကျနော်က တိုက်တွန်းတယ်၊ မန္တလေးမှာ ၂၀၀၀ ပဲယူပြီး ဘီနဲ့စီနဲ့ သွေးစစ်ပေးတယ်။ စစ်တဲ့အခပဲ ယူပြီး ထိုးတာလည်း ဆေးအရင်းအတိုင်း ၁ လုံးကို ၄၀၀၀ ဆို ၄၀၀၀ ပဲယူပြီး ထိုးပေးတယ်။ ဘီကို တတ်နိုင်သလောက် တပိုင်တနိုင်စလုပ်နေတယ်။” ဒီရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်အောင်လို့ ဆရာ့အနေနဲ့  မြန်မာပြည်သားတွေကို ဘာများအကြံပေး တိုက်တွန်းချင်လဲ။ “အရိုးဆုံး ဘီနဲ့ စီနဲ့ကတော့ စစ်သင့်တယ်။ အရင်ဆုံး ရှိ မရှိ စစ်သင့်တယ်၊ ပုံမှန်သွေးလှူတဲ့သူတွေကိုလည်း စစ်ပေးတယ်။ ဘီဆိုရင်တော့ ကာကွယ်ဆေးရှိတယ်။ ကာကွယ်ထားလိုက်ပေါ့။ စီဆိုရင်တော့ အခုလက်ရှိ ကိုယ်က သွေးနဲ့ ပတ်သက်ပြီး Minor ဆိုရင် ဂရုစိုက်ပြီး ကိုင်တွယ်မယ်ဆိုရင်တော့ မကူးနိုင်ဘူးလို့ အကြံပေးရမှာပေါ့။” ဘယ်လိုနေရာတွေကနေ အဓိက ကူးတတ်လဲ။ “ကျနော့်ဆီ လာတဲ့ ကောင်လေးတယောက်ဆို သူက ရိုးလည်းရိုးသားတယ်။ သူက လွန်ခဲ့တဲ့ ၆ လလောက်က မရှိဘူး။ နောက်ပိုင်း သူကပုံမှန်သွေးလှူတယ်၊ ၄ လ ၁ ခါ။ သူက ပရဟတိလည်းလုပ်တယ် သူတို့ရပ်ကွက်က နာမှုကူညီအသင်းမှာလုပ်တယ် နောက်ဆုံးတခေါက်သွေးလှူတာမှာ သွေးဖောက်တော့ မလှူနဲ့တော့ပေါ့ မင်းမှာစီပိုးရှိတယ်ဆိုတော့ စိတ်ဓာတ်တော်တော်ကျသွားတယ်။ သူဘာမှလည်း မလုပ်ဘူး၊ ဘာကြောင့် ကူးလဲပေါ့နော်။ ကျနော့်ဆီလာတိုင်ပင်တော့ မင်းဘာနဲ့ သွေးတွေထိလိုက်လဲဆိုတော့ သူက ခိုက်မိတဲ့လူတွေရဲ့သွေးကို ကိုင်ပြီး ဆေးရုံပို့ပေးဖူးတယ်။ သွေးကိုင်လိုက်တဲ့အခါမှာ ကူးတာ။ အစားအသောက်ကတော့ စီကတော့ မကူးဘူး။ ဘီကတော့ ဘီပိုးရှိတဲ့သူနဲ့ အတူနေ၊ စားတယ်သောက်တယ်ဆိုရင် ကူးတယ်။ ချွေးတွေကလည်း ကူးတယ်။ ဘီကတော့ အထူးသဖြင့် ထောင်ထွက်တွေ၊ ဘုန်းကြီးကျောင်း၊ စစ်တပ်တွေဆို ဘီကအများဆုံးပဲ။ အတူနေရင်တော့ ဘီကကူးတာများတယ်။ ကျနော်တို့ ဘုန်းကြီးကျောင်းတွေမှာ လိုက်ဖောက်ဖူးတယ်။ ၁၀၀ ဖောက်ရင် ၁၀ ပါးမှာ တွေ့တယ်။ ဘီတွေ့တာ များတယ်။” ဒီရောဂါက ကုရခက်တဲ့ ရောဂါလို့ ပြောနေကြတယ်။ အဲဒါ ဟုတ်ပါသလား။ “အဲလိုတော့ မဟုတ်ပါဘူး။ ကုရခက်တယ်ဆိုပေမယ့် စိတ်ဓာတ်မကျဖို့ဘဲ လိုတယ်။ ကျနော်တို့က ပိုးတော့ရှိတယ်။ ဘီက ပျောက်တဲ့ ရာခိုင်နှုန်းက ၆၈၊ ၇၀ လောက်ထိတော့ ရှိတယ်။ ဘီက ဆေးသောက်မယ်ဆိုရင် ၁၀၀ မှာ ၇၀ လောက်က ပျောက်နိုင်ချေရှိတယ်။ သိပ်ပြီး စိတ်ဓာတ်ကျစရာ မလိုပါဘူး။ သူ့အလိုလိုနဲ့ကို ဘီက ၁၀၀ မှာ ၆၀ လောက်က ပျောက်သေးတာပဲ။ ကျန်တဲ့ဟာကို ကျနော်တို့ ကုလို့ရပါတယ်။ စိတ်ဓာတ်မကျဘဲနဲ့ ဆေးပုံမှန်သောက်မယ်ဆိုရင် ပျောက်ပါတယ်။ အဓိက အသည်းကို အဓိက အာမခံတာပေါ့။ စီပိုးတို့၊ ဘီပိုးတို့ဖြစ်တိုင်း အဓိက အသည်းဖြစ်တာပဲ။ အဓိက အသည်းရောင်မယ်၊ အသည်းခြောက်မယ်၊ အသည်းကင်ဆာသွားတာကို။ အခုလက်ရှိမှာ ကျနော်တို့ အာမခံပြီး လုပ်ပေးနိုင်တာကတော့ စီပိုးတော့ ရှိမယ်၊ ကျနော်တို့ဆီက ဆေးသောက်မယ်ဆိုရင် ပိုးကောင်ရေ သန်းချီကနေပြီးတော့ ထောင်ဂဏန်း၊ ရာဂဏန်း၊ ဆယ်ဂဏန်း အထိကျသွားအောင် ပစ်မှတ်ထားတာပါ။ ပျောက်တာ၊ မပျောက်တာကတော့ ကျနော်တို့ဘက်က ဘယ်ဆရာဝန်မှ အာမမခံသေးဘူး။ ဒါပေမယ့် အများဆုံးပျောက်နိုင်ချေရှိအောင်တော့ ကျနော်တို့ လုပ်ပေးတာပေါ့။” ဒီပိုးကူးစက်ခံနေရပြီလို့ သိတဲ့ လူနာတွေအနေနဲ့ ဆရာတို့အဖွဲ့ကို ဘယ်လို ဆက်သွယ်ပြီး အကူအညီ တောင်းလို့ရမလဲ။ “ရန်ကုန်မှာလည်း ဒေါက်တာမျိုးမြင့်မြတ်ဆိုတဲ့ ဖုန်းလည်း ဂျာနယ်ထဲမှာ ထည့်ပါတယ်။ ဦးဖိုးဖြူရဲ့ ဖုန်းလည်းပါတယ်။ ဒေါ်ဖြူဖြူသင်း ဖုန်းလည်းရှိတယ်။ ကျနော့်ဖုန်းနံပါတ်လည်း ထည့်ထားပါတယ်။” ဒီလုပ်ငန်းကို ပိုပြီးတိုးချဲ့လုပ်နိုင်အောင် ဆရာတို့အဖွဲ့ကို ဆက်သွယ် အကူအညီပေးချင်တဲ့သူတွေကို ဘာပြောချင်လဲ။ “အများကြီး အကူအညီလိုအပ်ပါတယ်။ ဒီထက်မက ကျနော်တို့ လုပ်ပေးသင့်တယ်။ ကျနော်တွက်ထားတာရှိတယ်။ စားစရိတ်နဲ့တင် ဘီးပိုးဆိုရင် သွေးစစ်ပြီးတာရော၊ ဓာတ်ခွဲခန်းကလည်း တ၀က်နည်းနဲ့ ကူညီပါတယ်။ ဘီသမားတယောက်ဆိုရင် ၆ လမှာ ၂ သိန်း ၈ သောင်းလောက်ပဲ ကုန်ကျပါတယ်။ တကယ်တမ်း အလှူရှင်ရှိလို့ တယောက်စာအတွက် တယောက်လှူနိုင်တယ်ဆိုရင် ကျနော်တို့ ၀မ်းသာရတာပေါ့။ ပိုက်ဆံမရှိတဲ့သူတွေအတွက် ပိုပြီး အဆင်ပြေတာပေါ့။ အများကြီးလှူသင့်တယ်လို့ ကျနော်တို့ ယူဆပါတယ်။” ဆက်သွယ်ရန်----------- ဒေါက်တာမျိုးမြင့်မြတ် 09 7300 6355 ဒေါက်တာဇာနည်ဇင် 09 2018 767 ဒေါ်ဖြူဖြူသင်း 09 50 240 56 ဦးဖိုးဖြူ 09 5183 917
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024