Home
မြန်မာသတင်း
ရနောင်းလူသတ်မှုက လွတ်မြောက်လာသူ ၂ ဦးကို မြန်မာနိုင်ငံဘက်ပြန်ပို့ 
DVB
·
July 3, 2019
ထိုင်းနိုင်ငံ၊ ရနောင်းမြို့က ကျောင်းသူတဦး အသတ်ခံရမှုနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ်ချမှတ်ခံ ထားရာမှ အယူခံနိုင်ပြီး လွတ်မြောက်လာတဲ့မြန်မာအလုပ်သမား ၂ ဦးကို ထိုင်းအာဏာ ပိုင်တွေက ဇူလိုင် ၂ ရက်မှာ မြန်မာနိုင်ငံဘက်ကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ မြန်မာရေလုပ်သား စိန်ကတုံးနဲ့ ဝေလင်းအပါအဝင် အခြားအမှုတွေနဲ့ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၃ ဦးကို ထိုင်းအာဏာပိုင်တွေက ကော့သောင်းနယ်စပ်ဂိတ်ကို မနေ့က လာရောက်လွှဲအပ် ပေးခဲ့တာပါ။ ပြန်လွတ်လာတဲ့သူတွေကို ကော့သောင်းမြို့မှ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ FED ကော့သောင်းရုံးခွဲ တာဝန်ခံတို့က သွားရောက်ကြိုဆိုကြပြီး ကော့သောင်း FED ရုံး တာဝန်ခံ ကိုဝေဖြိုးတို့က နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။ လူသတ်မှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ မြန်မာရေလုပ်သားစိန်ဂတုံးနဲ့ ဝေလင်းတို့ရဲ့အယူခံကို ရနောင်းမြို့တရားရုံးက ဇွန်လ ၂၇ ရက်နေ့ ရုံးချိန်းမှာ အနိုင်ပေးခဲ့တာဖြစ်ပါတယ်။ ကော့သောင်း FED ရုံး တာဝန်ခံ ကိုဝေမိုးက “လွတ်လာတဲ့အကြောင်းရင်းက ၂၀၁၈ ဧပြီလမှာ အယူခံစတင်တာပေါ့။ တင်ထားတဲ့ အယူခံက အောင်သွားတယ်နိုင်သွားတဲ့အတွက် အခု ဇွန်လ ၂၇ ရက်နေ့မှာ ပြန်လွတ်တာပါ။ ပြီးတော့ သူတို့နဲ့ ပတ်သက်ပြီးတော့ သတင်းစာ ရှင်းလင်းပွဲတခုလုပ်ဖို့ စီစဉ်နေပါတယ်”လို့ ပြောပါတယ်။ ရနောင်းမြို့က အသက် ၁၉ နှစ်ရွယ် အထက်တန်းကျောင်းသူ နောင့်အက်ပဲလ်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလက နေအိမ်ကနေ လမ်းထိပ်သို့ထွက်လာစဉ် ဓားဒဏ်ရာ ၁၇ ချက်နဲ့ သေဆုံး ခဲ့ရတာပါ။ အခင်းဖြစ်ပွားချိန်မှာ လူငယ်တစုက ဘုန်းကြီးကျောင်းလမ်းကြားထဲပြေးဝင်ပြီး မြန်မာစကား တွေပါ ပြောဆိုသံကြားတယ်လို့ မျက်မြင်သက်သေတွေက ထွက်ဆိုတဲ့အတွက် အဲဒီ အနီးတ၀ိုက်က မြန်မာအလုပ်သမားလူငယ်တချို့ကို  ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးပြီး ၄ ဦးကို လူသတ်မှုနဲ့ ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ လူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူ စိန်ဂတုံးက “အဲဒီညက ကျနော်တို့အိမ်မှာပဲ ရှိနေပါတယ်။ ကောင်မလေးနေတာနဲ့ ကျနော်တို့နေတာနဲ့ တယောက်တလမ်း၊ ကြားထဲမှာ ဘုံကျောင်းတကျောင်း ပဲ ခြားပါတယ်။ ဒီညက ကျနော်တို့ဘက်ကိုလာပြီး အအေးဘူး ထွက်ဝယ်တယ်။ မိုးရွာနေတော့ ပြေးပြီး သွားဝယ်တယ်ပေါ့။ အဲဒီဟာကို ပုလိပ်တွေက မသင်္ကာလို့လား မသိဘူး ရိုက်ပြီးမေးတယ်။ ကျနော်ကို ပေါက်ခေါင်းမှာ လာဖမ်းပါတယ်။ ကားပေါ်တက်တာနဲ့ မေးပြီးတော့ ရိုက်ပါတယ်။ ကျနော့် အမကိုလည်း ဖမ်းထားပါတယ်။ သူတို့က ဘယ်လို သရုပ်ဆောင်ရမယ်ဆိုတာ သင်ပေးပါ တယ်။ ကျနော်တို့ကို ၆ နှစ် ချလိုက်ပါတယ်။ အယူခံတက်တော့နိုင်လို့ ပြန်လွှတ်လာတာပါ”လို့  ပြောပါတယ်။ မြန်မာလူငယ်တွေဟာ အမှုကို အမှန်တကယ်ကျူးလွန်ခြင်းမရှိဘဲ မတရား စွပ်စွဲဖမ်းဆီး ခံထားရကြောင်း မိဘတွေက လာရောက်အကူအညီတောင်းထားသလို မကျူးလွန်ဘူး ဆိုတာကို လေ့လာသိရှိရတဲ့အတွက် FED အဖွဲ့အနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အကူအညီ ပေးခဲ့တာ ဖြစ်ပါတယ်။ သတင်း- လတ်ကိုကိုဦး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024