Home
မြန်မာသတင်း
တရားမျှတမှုတောင်းဆိုသည့် ရခိုင်လူငယ်တဦး၏ နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်ရောက်စစ်ဆေး
DVB
·
July 3, 2019
တိုက်ပွဲတွေကြားမှာ ဓားစာခံဖြစ်နေတဲ့  ရခိုင်ပြည်သူတွေအတွက် တရားမျှတမှုရဖို့ တောင်းဆိုခဲ့ကြသူတွေအထဲက ရခိုင်လူငယ်တဦးရဲ့နေအိမ်ကို ဇူလိုင် ၂ ရက်က စစ်တွေမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ မိသားစုက ဒီဗွီဘီကို ပြောပါတယ်။ တရားမျှတမှုရရှိရေး တောင်းဆိုသူတွေထဲက တဦးဖြစ်တဲ့ ကိုသန်းလှရဲ့နေအိမ်ကို ဇူလိုင် ည ၉ နာရီလောက်မှာ စစ်တွေမြို့ အမှတ် (၁) နဲ့ အမှတ် (၂)ရဲစခန်းက တာဝန်ရှိသူတွေက ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ကိုသန်းလှရဲ့ ဇနီးဖြစ်သူက “ည ၉ နာရီအချိန်လောက်မှာ လာကြတယ်။ ဒီနေ့ ဖေ့စ်ဘွတ်ခ်မှာ တခုတက်တယ်တဲ့။ အဲဒါကို မြင်ပြီးပြီလားမေးတယ်။ ကျမက မမြင်သေးဘူးပြောတော့ ဖွင့်ကြည့်လိုက်ပါတဲ့။ အမှတ်(၁) နဲ့ အမှတ် (၂) ပေါင်းလာတာလို့ တော့ပြောခဲ့တယ်။ အင်အား ၅ ယောက်လောက်ပါတယ်။ အိမ်ပေါ်၊ အိမ်ဘေး အကုန်ပတ်ပတ်လည်လိုက်ကြည့်ကြတယ်။ ကျမတို့ဆီမှာတော့ ၁၅ မိနစ်လောက်ပဲကြာခဲ့တယ်၊ ဝင်ရောက်စစ်ဆေးတာခံခဲ့ရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ကိုသန်းလှရဲ့မိသားစုအ​ခြေအ​နေ​တွေ၊ မိသားစုဆီကို လာတာမျိုးတွေရှိ၊ မရှိနဲ့ မိသားစုရေးရာကိစ္စရပ်တွေကိုလည်း မေးမြန်းခဲ့တယ်လို့ သူက ဆိုပါတယ်။ ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့တဲ့ ကိုသန်းလှဟာ ငြိမ်းချမ်းရေးလမ်းစဉ်တွေ၊ လူငယ် အခွင့်အရေးတွေနဲ့ တက်ကြွလှုပ်ရှားမှုလမ်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်နေသူတဦးလည်း ဖြစ်ပါတယ်။ အခုလို ဝင်ရောက်စစ်ဆေးတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သတ်ပြီး စစ်တွေမြို့ အမှတ် (၁) နဲ့ အမှတ် (၂)ရဲစခန်းက တာဝန်ရှိသူတွေကို ဆက်သွယ်ရာမှာတော့ ရဲအရာရှိတချို့က ဖုန်းကိုင်ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသလို တချို့ကလည်း မသိကြောင်း ပြောပါတယ်။ ကိုသန်းလှအပါအဝင် ရခိုင်လူငယ် ၂၀ ကျော်လောက်ဟာ လက်ရှိ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း စစ်ကြောစစ်ဆေးရေးကြောင့် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေ တရားမျှတမှုရဖို့၊ အရပ်သားပြည်သူတွေကိုပစ်မှတ်ထား သတ်ဖြတ်တာ၊ မတရားဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာ ရပ်တန့်ပေးဖို့နဲ့ စစ်ပွဲတွေကိုရပ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ကြဖို့စတဲ့ အချက်တွေကို ဇူလိုင် ၂ ရက်က စစ်တွေမြို့၊ ဦးဥတ္တမပန်းခြံမှာ  သရုပ်ဖော်ပြကွက်တွေနဲ့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024