DVB Logo
Home
မြန်မာသတင်း
မြန်မာကိုတင်ပို့မည့် မြောက်ကိုရီးယား လက်နက်ပစ္စည်း ဂျပန်တွင် ဖမ်းမိ
DVB
·
November 26, 2012
မြန်မာကိုတင်ပို့မည့် မြောက်ကိုရီးယား လက်နက်ပစ္စည်း ဂျပန်တွင် ဖမ်းမိ
Donate to DVB

မြန်မာနိုင်ငံကို တင်ပို့မယ့်  လက်နက်ထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ မြောက်ကိုရီးယား ပစ္စည်းတွေကို သင်္ဘောတစီးပေါ်ကနေ ဂျပန်အာဏာပိုင်တွေက  ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ အဆာဟိ ရှင်ဘွန်း ဂျပန်နေ့စဉ်သတင်းစာမှာ နိုဝင်ဘာ ၂၄ ရက်နေ့က ထုတ်ဖော်ရေးသားလိုက်ပါတယ်။

[caption id="attachment_33535" align="alignright" width="300" caption="မြောက်ကိုရီးယားပစ္စည်း တင်ဆောင်လာသည့် သင်္ဘော (ဓာတ်ပုံ-အဆာဟိရှင်ဘွန်း)"][/caption]

ဒုံးလက်နက်ပစ္စည်းထုပ်လုပ်ရာမှာ ဒါမှမဟုတ် ယူရေနီယံသန့်စင်ရာမှာ သုံးနိုင်တဲ့  ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ကုန်တင်သင်္ဘောတစီးကို ဂျပန်နိုင်ငံ တိုကျိုဆိပ်ကမ်းမှာ ဆိုက်ကပ်ထားစဉ်  ဂျပန်အာဏာပိုင်တွေက ဩဂုတ်လ ၂၂ ရက်နေ့မှာ  အမေရိကန်ရဲ့တောင်းဆိုချက်အရ တက်ရောက်ရှာဖွေခဲ့တာလို့ ဂျပန်သတင်းစာမှာ ရေးပါတယ်။

ပစ္စည်းတွေတင်ထားတဲ့ ၀န်ဟိုင် (Wan Hai) အမည်ရှိ ကုန်တင်သင်္ဘောဟာ ထိုင်ဝမ်သင်္ဘော ကုမ္ပဏီတခုက ပြေးဆွဲတဲ့ သင်္ဘောဖြစ်ပြီး ဒီသင်္ဘောမှာ  သတ္တုပိုက်ချောင်း ၅၀ လောက်နဲ့ အဆင့်မြင့် သတ်မှတ်ထားတဲ့ အလူမီနီယံသတ္တု ၁၅ ချောင်းတို့ကို  ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ဒါလီရန်အခြေစိုက် ကုမ္ပဏီတခုကတော့ အလူမီနီယံချောင်းတွေကို မြန်မာနိုင်ငံကိုပို့ဖို့ ကြိုးစားခဲ့ကြောင်း၊ သင်္ဘော ဖမ်းခံရတယ် ကြားရပေမယ့် ဘာကြောင့်မှန်းမသိဘူးလို့ အဆာဟိရှင် ဘွန်းသတင်းစာကို ပြောပါတယ်။

ဂျပန်အစိုးရကတော့ မြောက်ကိုရီးယားဟာ တရုတ်ကနေ အလူမီနီယံချောင်းတွေ ရယူခဲ့တာလို့ ယုံကြည်ထားပါတယ်။ ဂျပန်စုံစမ်းစစ်ဆေးသူတွေ သင်္ဘောကရတဲ့ အချက်အလက်တွေကနေ ဒီပစ္စည်းတွေရဲ့ မူလဇစ်မြစ်ကို အတည်မပြုနိုင်ပေမယ့်  ဒီပစ္စည်းတွေမှာ "DPRK" လို့ ရေးထိုးထားတဲ့အတွက် မြောက်ကိုရီးယားကလာတာလို့ ကောက်ချက်ချပါတယ်။

ဒီပစ္စည်းတွေကို ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတခုဆီ ပို့ဖို့ရှိပြီး အမေရိကန်ကတော့ ဒီပစ္စည်းတွေဟာ မြန်မာစစ်တပ် သုံးဖို့ ၀ယ်ပေးတာလို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေဟာ ယူရေနီယံသန့်စင်ရာမှာ ဒါမှမဟုတ် နျူကလီးယားလက်နက် ထုတ်ရာမှာ သုံးနိုင်တယ်ဆိုတဲ့ အထောက်အထားတွေကတော့ မတွေ့ရဘူးလို့ သတင်းမှာ ရေးပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားရဲ့ လက်နက်ပစ္စည်းတွေ လက်ခံယူရင်တော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဖောက်ဖျက်ရာရောက်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီရဲ့ နောက်တိုးလိုက်နာရမယ့်  စည်းကမ်းချက်တွေကို လက်မှတ်ရေးထိုးဖို့ သမ္မတက ဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ မြောက်ကိုရီးယားကို လက်နက်ပိတ်ဆို့ဒဏ်ခတ်ဖို့ ချမှတ်ထားတဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို မြန်မာကလိုက်နာဖို့ အခိုင်အမာ ဆုံးဖြတ်ထားတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့က ကြေညာထားပါတယ်။

သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ ဒီပစ္စည်းတွေ ဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရအနေနဲ့ မြန်မာအစိုးရထံ အကြောင်းကြားလာတာမရှိဘူးလို့ ပြောပါတယ်။

“အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဂျပန်အစိုးရကနေ တရားဝင် အကြောင်းကြားတာမျိုး မရှိပါဘူး။ အဲဒီကိစ္စဖြစ်ပြီးတဲ့နောက်မှာလည်း ဂျပန်ဝန်ကြီးချုပ်နဲ့ ကျနော်တို့ သမ္မတဟာ ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီးအစည်းအဝေးမှာ တွေ့ပြီးတော့ နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ဖို့ ၊ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ဖို့ ၊ ဂျပန်နိုင်ငံရဲ့ ထောက်ပံ့ကူညီမှုတွေ တိုးမြှင့်ပေးဖို့ သဘောတူညီခဲ့ကြတယ်။ အဲဒီသတင်းကို ကျနော်တို့ ပြန်ကြည့်မယ်ဆိုရင် သူ့သတင်းမှာပါတဲ့ ဟာသည် နျူကလီးယားထုတ်လုပ်ရာမှာ သုံးနိုင်တယ်ဆိုသော်ငြားလည်း သူ့မှာပါတဲ့ သတ္တုပိုက်ချောင်း ၅၀ ပါတယ်။ နောက် အလူမီနီယံသတ္တုချောင်း ၁၅ ချောင်း ပါတယ်။ ဒီကောင်သည် နျူကလီးယားထုတ်ရာမှာ သုံးနိုင်သလို အခြားသော Peaceful Use ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ ကျန်တဲ့လုပ်ငန်းတွေမှာလည်း သုံးနိုင်တဲ့ဟာဆိုတာတွေ့ ပါတယ်။ အဲတော့ ဒါကို ကြားဖြတ်သိမ်းဆည်းစစ်ဆေးပြီးတဲ့နောက်မှာ တကယ်တမ်း ကျနော်တို့နိုင်ငံ အနေနဲ့ နျူကလီးယားရည်မှန်းချက် ရှိတယ်မှန်ရင် ကျနော်တို့ နိုင်ငံကြီးတွေနဲ့ ဆက်ဆံရေး၊ အဲဒီနောက်ပိုင်း ဆက်ဆံရေးကို ကြည့်လို့ရပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်က မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ အိုဘားမားကလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ အိုင်အေအီးအေနဲ့ ပူးပေါင်းဆောင်ရွက်မှု အပါအ၀င် နျူကလီးယားလက်နက် မပြန့်ပွားရေး ဆောက်ရွက်ချက်တွေကို  အသိအမှတ်ပြုတဲ့ အကြောင်း ပြောကြားခဲ့ဖူးပါတယ်။

အမေရိကန်နဲ့ အီးယူ ဥရောပသမဂ္ဂတို့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု ခြေလှမ်းတွေကြောင့် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုတွေ လျှော့ချပေးမှုတွေ ရှိနေပေမယ့် လက်နက်ပိတ်ဆို့ ဒဏ်ခတ်မှုကတော့ ဆက်လက်ပြုလုပ်ထားဆဲဖြစ်သလို မြောက်ကိုရီးယားနဲ့ စစ်ရေးအဆက်အဆံ ဖြတ်ဖို့လည်း တစိုက်မတ်မတ် တိုက်တွန်းနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013