DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တရားရုံးများကိုကြည့်ရှုစစ်ဆေး
DVB
·
November 26, 2012
Donate to DVB

တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တွေဟာ ဒီနေ့ မနက်ပိုင်းက နေပြည်တော်ရှိ ခရိုင်တရားရုံးအပါအ၀င် တရားရုံးအချို့ကို သွားရောက်ကြည့်ရှု လေ့လာ စစ်ဆေးခဲ့ကြပါတယ်။

ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲဟာ နေပြည်တော်၊ ဇဗ္ဗူသီရိတရားရုံး၊ နေပြည်တော်ခရိုင် တရားရုံး တို့ကို သွားရောက်လေ့လာ စစ်ဆေးခဲ့ကြတာဖြစ်ပြီး လုပ်ဆောင်ခဲ့ကြပုံတွေကို ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်က ခုလို ပြောပါတယ်။

“တရားခွင် စစ်တာတွေလည်း နားထောင်တယ်။ နောက် တရားခွင်မှာ လိုအပ်တာတွေကို ကော်မတီ ဥက္ကဋ္ဌက ကြည့်တယ်။ နောက် တရားဥပဒေစိုးမိုးရေးအတွက် အမှုသည်တွေ၊ သက်သေတွေနဲ့ တွေ့တယ်.စကားပြောတယ်.မေးတယ်။ တချို့တရားခံတွေကလည်း အားပေးစကားပြောတယ်။ တရားခွင်တွေကို ကြည့်ရှုလေ့လာတာက တရားစီရင်ရေးကို နှောင့်ယှက်ဖို့လည်း မဟုတ်ဘူး။ အပြစ်လာရှာတာလည်း မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေးအတွက် ဘယ်လိုပြုပြင်ပြောင်းလဲရမလဲ၊ ဘယ်လိုအကူအညီတွေ ပေးရမလဲ ဆိုတာကို လာလေ့လာတာလို့ပဲ တရားသူကြီးတွေကို ပြောပါတယ်။”

နေပြည်တော်တရားရုံးတွေကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာမှာ ကော်မတီအနေနဲ့ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့တာ ဖြစ်ပေမယ့် ကြိုတင် သတင်းပေါက်ကြားနေတဲ့အတွက် တရားရုံးတွေဘက်က ကြိုတင်ပြင်ဆင်ထားတာတွေ တွေ့ရတယ်လို့လည်း ပြောပါတယ်။

ဒီနေ့ စစ်ဆေးတွေ့ရှိချက်ကို ဦးဝင်းမြင့်က “သက်သေတွေ၊ အမှုသည်တွေနဲ့ ရှေ့နေတွေနဲ့ တွေ့ရှိချက်ကတော့ တရားရုံးတွေ တရားဥပဒေစိုးမိုးရေးအတွက်ကတော့ လာဘ်ပေးလာဘ်ယူကိစ္စ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းတဲ့အတိုင်း လွတ်လပ်စွာတရားစီရင်ရေးဖြစ်ဖို့ အုပ်ချုပ်ရေးတွေက ၀င်ရောက်စွက်ဖက်မှုမရှိအောင်၊ နောက်တခုက ဥပဒေနဲ့အညီ စီရင်ဆုံးဖြတ်ဖို့ပေါ့။ ကျနော်တို့ တရားခွင်မှာ ၀င်ရောက်နားထောင်ခွင့်ရတာတို့၊ တရားသူကြီးတွေကလည်း နွေးနွေးထွေးထွေး ကြိုဆိုတာတို့၊ နောက် လူထုရဲ့ လိုအပ်ချက်အမှန်ပေါ့ ဘတ်ဂျက်ကနည်းနေတော့ သူတို့မှာ စာရွက်စာတမ်းကြေးကအစ မပြည့်မစုံလုပ်ရတာတို့ သိရတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်။ ရန်ကုန်၊ မန္တလေးသွားတာထက်စာရင်တော့ ပိုပြီး တိုးတက်လာတာတွေ့ရတယ်။ ဆိုတာက တရားဥပဒေစိုးမိုးဖို့အတွက် လုပ်ငန်းချောမောဖို့အတွက် ပိုတွေ့ရတယ်။ အားနည်းချက်တွေကတော့ တတ်နိုင်သမျှ တော်တော်လျော့သွားတယ်။ အဆိုးကြီး မဟုတ်ဘဲ တော်တော်လေး ဖာဖာထေးထေးတွေ့လိုက်ရတာပေါ့။”

ကော်မတီဥက္ကဋ္ဌ အပါအ၀င် အဖွဲ့ဝင် ၅ဦး လှည့်လည်စစ်ဆေးခဲ့ကြတာပါ။ ကော်မတီအနေနဲ့ ဒီ့မတိုင်ခင်မှာ ရန်ကုန်နဲ့ မန္တလေးမြို့ပေါ်က တရားရုံးတချို့ကို လှည့်လည်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေကို လွှတ်တော်မှာ အစီရင်ခံတင်ပြခဲ့ပါတယ်။

အဲဒီအစီရင်ခံစာထဲမှာ တရားရုံးတွေကို အသိပေးပြီးမှ စစ်ဆေးတဲ့အခါ ပြင်ဆင်ထားကြတာကြောင့် ရှောင်တခင် စစ်ဆေးခွင့်ပေးဖို့ လိုအပ်ပုံနဲ့ အုပ်ချုပ်ရေးပိုင်းက တရားရေးလောကအပေါ် ဩဇာသက်ရောက် စွက်ဖက်နေပုံတွေ တွေ့ခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013